close

ပုသိမ်တွင် မိုင်တဲလ်တာဝါတိုင်ဖျက်ဆီးမှုဖြင့် ဒေသခံပြည်သူ ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်ချ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ ဒေသခံပြည်သူ သုံးယောက်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။ 

ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရသူတွေကတော့ စိန်တောင် ကျေးရွာမှာနေထိုင်တဲ့ သားအဖ  သုံးယောက်ဖြစ်တဲ့ ဦးမြင့်အောင်၊ ကိုဇာနည်အောင်နဲ့ ကိုရဲဟိန်းတို့ဖြစ်ကြပါတယ်။ 

စိန်တောင်ကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ဗုံးခွဲတယ်ဆိုတဲ့ စွပ်စွဲချက် အဆိုပါ သားအဖ သုံးယောက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နဲ့ အမှုဖွင့်ပြီး ဇူလိုင် ၁ ရက်က ထောင် ၁၀ နှစ်ချမှတ်ခဲ့တာလို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့က ဒေသခံရွာသားတွေလို့ သိရတယ်။ လုပ်တာက တော်လှန်ရေးအဖွဲ့တွေလုပ်တာပေါ့။ သတင်းတွေထုတ်ပြန်ပေးထားတယ်။ အဲ့အဖွဲ့တွေကို မမီတော့ ဒေသခံတွေကိုဖမ်းပြီး အဖမ်းပြတဲ့ သဘောလုပ်တာ။ ရဲကအဲဒါကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင် ၁၀ နှစ်ချခံလိုက်ရတာ”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဒေါက်တိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒေသခံတော်လှန်‌ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး ဧရာဝတီတိုင်းထဲမှာလည်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

//
Up