close

မြိုင်မြို့နယ်တွင် ရေနံတွင်း ၃၇ တွင်း မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေက ကျောက်ခွက်ရေနံမှော်ကို မီးရှို့ဖျက်ဆီးခဲ့လို့ ရေနံတွင်း ၃၇ တွင်းလောက် မီးလောင် ဆုံးရှုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ် ကျောက်ခွက်ရွာပတ်လည်မှာရှိတဲ့ ရေနံတွင်းတွေကို ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်အင်အား ၄၀ ကျော်လောက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရေနံတွင်း ၃၇ တွင်းလောက် မီးလောက်ဆုံးရှုံးခဲ့ရတယ်လို့ ကျောက်ခွက်ရွာ ဒေသခံတယောက်က ပြောပါတယ်။

“ကာလတန်ကြေးနဲ့တွက်မယ်ဆိုရင် ရေနံတွင်းတတွင်းကို သိန်း ၂၀၀ လောက်ပေါက်စျေးရှိပြီး စစ်(...)တွေ မီးရှို့ဖျက်ဆီးခဲ့ကြလို့ ကျပ်သိန်း ၅၀၀၀ ကျော်ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်။ ကျနော်တို့တွေမှာ မိသားစုတွေ၊ အပေါင်းသင်းတွေ စုပေါင်းရှယ်ယာလုပ်ပြီး ရေနံတွင်းတွေ တူးဖော်ခဲ့ရတာ သိန်းရာနဲ့ချီကုန်ကျတယ်။ တူးတိုင်းလည်း ပေါက်တာမဟုတ်ဘူး၊ ၁၀ တွင်းတူးလို့ တတွင်းအောင်မြင်ဖို့တောင်မလွယ်ကူဘူး”။

မန်ကျည်းကုန်းရွာဘက်ကနေ စက်မှု (၂) ဘက်ကိုပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား ၈၀ ကျော်လောက်ဟာ ဒီနေ့မနက် ၁၁ နာရီလောက်မှာ မြိုင် ပ.က.ဖ ကထောင်ထားတဲ့ တိုက်မိုင်းမိပြီး မိုင်း၄ လုံးပေါက်ကွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးပြီး ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီတပ်က သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေကို စစ်မှု ၂ ထဲကို ကားနဲ့ သယ်သွားကြပြီး မြိုင်ပ.က.ဖ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြိုင်မြို့နယ်ကို ဇူလိုင် ၇ ရက်နေ့မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေတယ်လို့  သိရပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာရှိတဲ့ ရေနံမှော်တွေနဲ့ ဆီခြံတွေကို ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် ကျပ်သိန်းပေါင်း သိန်းနဲ့ချီဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရ် ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

//
Up