close

ထိုင်းရုပ်ရှင်ဒါရိုက်တာ ၁ ဦးကို UWSA ‘ဝ’ တပ်ဖွဲ့က ဖမ်းဆီးထား

ထိုင်းနိုင်ငံက လူသိများတဲ့ ရုပ်ရှင်ဒါရိုက်တာ ခူးဒဲန်း (ခ) နိုင်းလမိုင့် မိုရီဖန်းဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာ UWSA ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရပြီး  ဘတ်ငွေ ၂၄ သန်းနဲ့ ရွေးမှလွတ်မြောက်မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၄၀ အရွယ် ဒါရိုက်တာ ခူးဒဲန်းဟာ လအတော်ကြာပျောက်ဆုံးနေပြီး လွန်ခဲ့တဲ့ရက်ပိုင်းကတော့ သူဟာ ‘ဝ’ တပ်ဖွဲ့ရဲ့ ချုပ်နှောင်ခံနေရကြောင်း၊ လက်နဲ့ ခြေထောက်တွေကို သံကြိုးနဲ့ နှောင်ခံထားရရကြောင်းနဲ့ သူ့ကိုလာရောက်ကယ်တင်ပေးဖို့ သူ့လက်ရေးနဲ့ ရေးသားထားတဲ့ စာတစောင် နဲ့ ချုပ်နှောင်ခံနေရတဲ့ ဓာတ်ပုံဗွီဒီယိုတွေဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီစာထဲမှာတော့ သူဟာ မနက် ၅ နာရီ ကနေ ညနေစောင်းထိ နေပူမိုးရွာမရှောင် အလုပ်ကြမ်းတွေလုပ်ရပြီး ထမင်းကိုတော့ ဟင်းရွက်ရေလုံပြုတ်နဲ့ တနေ့ နှစ်နပ်သာ စားရကြောင်း၊ အခင်းမပါ ကြမ်းပြင်မှ ာအိပ်ရပြီး လက်နဲ့ ခြေတွေသာ သံကြိုးပွတ်လို့ အနာတွေဖြစ်နေပေမဲ့ ဆေးဝါးကုသခွင့်မရှိ ၊ နေမကောင်းရင်လည်း သူ့ဘာသာသူပြန်ပျောက်သွားမယ့်အချိန်ကိုပဲ စောင့်နေရကြောင်း၊ ထွက်ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခံထားရကြောင်းလည်း ဖော်ပြထားပါတယ် 

ခူးဒဲန်းရေးတဲ့စာကို လက်ခံရရှိသူမှာ ကျဘွိုင်းဆိုသူ သူ့သူငယ်ချင်းဖြစ်ပြီး  အဆိုပါစာကို တာချီလိတ်နေ အသိတယောက်ထံမှတဆင့်ရခဲ့ကာ ထိုင်းပြည်သူနဲ့ ထိုင်းနိုင်ငံကတာဝန်ရှိသူတွေ သိရှိဖို့ဖြန့် ဝေလိုက်တာဖြစ်ပြီး  ကျဘွိုင်းနဲ့ ခူးဒဲန်းရဲ့ မိခင်ဖြစ်သူတို့ဟာလည်း ခူးဒဲန်းကို ကယ်တင်ပေးဖို့ ဇူလိုင် ၁၁ ရက်က ဘန်ကောက် ထိုင်းအမျိုးသားရဲ တပ်ဖွဲ့ဌာနချုပ်ကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ 

ခူးဒဲန်း မြန်မာပြည်ထဲ ရောက်သွားရတဲ့ အကြောင်းရင်းမှာ ဒီနှစ်ဆန်းပိုင်း ၂၀၂၂ ဇန်နဝါရီလက ခူးဒဲန်းရဲ့ အသိမိတ်ဆွေထိုင်းအမျိုးသား နှစ်ဦးက သူတို့ရိုက်ကူးရေးအဖွဲ့ကို ထုတ်လုပ်သူ ပရိုဂျူဆာရှာပေးမယ်ဆိုပြီး မြန်မာပြည် တာချီလိတ်ဘက်ကို ခေါ်ဆောင်သွားကြောင်း၊ သူတို့အဖွဲ့လည်း အလုပ်ရချင်လို့ လိုက်သွားရာမှာ တာချီလိတ်မှာရက်အတန်ကြာစောင့်ပေမဲ့ ရိုက်ကူးရေးမလုပ်ရလို့ အဖွဲ့သားတွေက ထိုင်းဘက်ကို ပြန်လာကြတယ်လို့  ကျဘျွိင်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါပေမဲ့ ခူးဒဲန်းကိုတော့ အဆိုပါ အသိ နှစ်ယောက်က နောက်တနေရာ ခေါ်လည်မယ်ဆိုပြီး UWSA ‘ဝ’ တပ်ဖွဲ့လက်ကို အပ်လိုက်ကြောင်း ၊ အသိ နှစ်ယောက်မှာ မူးယစ်ဆေးကုန်သည်တွေဖြစ်ပြီး ‘ဝ’ တပ်ဖွဲ့ကို မူးယစ်ဆေးရောင်းရငွေ ဘတ် ၂၄ သန်းပြန်ပေးဖို့ရှိပေမယ့် သူတို့က ငွေမပေးနိုင်တော့ ဘတ် ၂၄ သန်းအလိမ်ခံထားရတယ်။ လိမ်တဲ့သူကို ဖမ်းလာပေးမယ်လို့ ပြောထားကာ နောက်တော့  ခူးဒဲန်းကို ငွေလိမ်သူအဖြစ်နဲ့  ‘ဝ’ လက်ထဲကို အပ်နှံလိုက်တာလို့ ဆိုပါတယ်။ 

ခူးဒဲန်းက သူဟာ ငွေလိမ်သူမဟုတ်ကြောင်း ငြင်းဆိုပေမယ့် ‘ဝ’ တပ်ဖွဲ့က  သူ့ကိုဖမ်းထားပြီး ဘတ်ငွေ ၂၄ သန်းနဲ့ လာရွေးမှ လွှတ်ပေးမယ်လို့ ပြောထားကာ ဒီကြားထဲ ချုပ်နှောင်ညှဉ်းဆဲခံနေရကြောင်း၊  သူ့ကိုလာပို့သွားတဲ့ ထိုင်းအသိ နှစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

ခူးဒဲန်းကလည်း အချုပ်အနှောင်ကြားထဲကနေ လွတ်မြောက်ဖို့ ကူညီပေးနိုင်မယ့်သူတွေဆီ ကြိုးစားဆက်သွယ်နေရာမှာ တာချီလိတ်မှာရှိ အသိတယောက်ကနေ ကျဘွိုင်းထံ စာပေးပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

သူဟာ မူးယစ်ဆေးနဲ့ပတ်သက်သူမဟုတ် ငွေလိမ်သူမဟုတ်တဲ့အကြောင်း ‘ဝ’ တပ်နဲ့နီးစပ်သူတွေက ဝိုင်းပြောပေးပြီး မိခင်နဲ့လည်း ဗွီဒီယိုကောလ် အဆက်သွယ်ရကာ မိခင်ကလည်း သားဟာ မူးယစ်ဆေးနဲ့မပတ်သက်ဘူးလို့ ထပ်လောင်းပြောခဲ့ပါတယ်။ အဲဒီနောက် ‘ဝ’ တပ်ဖွဲ့က လျှော့ပေါ့ပေးတဲ့အနေနဲ့ ၂၄ သန်းအစား ၄ သိန်းပေးရင် လွှတ်ပေးမယ်လို့ ပြောပါတယ်။ 

မိခင်က သူ့အနေနဲ့ ငွေ ၄ သိန်းဘယ်လိုမှ ရှာမရနိုင်လို့ နောက်ဆုံးမှာ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ထံ တိုင်တန်းပြီးအကူအညီတောင်းလိုက်တာဖြစ်ပါ။ 

ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချိတ် ဟတ်ဖန်းကလည်း ဖြစ်ရပ်မှန်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သူတို့ရိုက်ကူးရေးအဖွဲ့ဟာ မြန်မာဘက်ခြမ်းကို ဘယ်လိုနည်းနဲ့ ရောက်ရှိသွားသလဲ၊  တရားမဝင် ဝင်ရောက်သွားရင် လဝကဥပဒေနဲ့ ငြိစွန်းကြောင်း၊ ဒါပေမဲ့ သူဟာ ထိုင်းနိုင်ငံသားတယောက်ဖြစ်တာကြောင့် ကူညီရမှာဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းမြောက်ပိုင်း အမှတ် ၃ စစ်ဌာနချုပ်ကလည်း သူတို့အနေနဲ့  ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးပြီး  ထိုင်း-မြန်မာ နယ်ခြားကော်မတီ TBC နဲ့ ပူးပေါင်းကာ ခူးဒဲန်းအမြန်ဆုံး ပြန်လွတ်မြောက်လာဖို့ ဆောင်ရွက်နေတယ်လို့ ဇူလိုင် ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

ခူးဒဲန်း (ခ) နိုင်းလမိုင့် မိုရီဖန်းဟာ ရုပ်ရှင်ဒါရိုက်တာနဲ့  သရုပ်ဆောင်တွေကို ထိုးကြိတ်သတ်ပုတ်သင်ကြားပေးတဲ့ ဆရာတယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း စွန့်စားခန်း ၊ ဇာတ်ကြမ်းကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ 

Ref- ChiangmaiNews/Nation/

//
Up