close

လစ်လပ်ဗြိတိန်ဝန်ကြီးချုပ်နေရာ အစားထိုး ရွေးကောက်ပွဲ ကျင်းပမည်

လစ်လပ်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်နေရာမှာ အစားထိုးမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဒီတပတ်ထဲမှာ စတင်ပြီး ဝန်ကြီးချုပ်သစ်ကို  စက်တင်ဘာ ၅ ရက်မှာ ကြေညာဖို့ ရှိပါတယ်။

နုတ်ထွက်သွားတဲ့ ဘောရစ်ဂျွန်ဆင် နေရာအတွက် ဝင်ပြိုင်မယ့် ဝန်ကြီးချုပ်လောင်း အနည်းဆုံး ၁၁ ယောက် ရှိနေတဲ့အတွက် ဘယ်သူဖြစ်လာမလဲဆိုတာကိုကတော့ ခန့်မှန်းလို့ မရသေးပါဘူး။

အင်္ဂလိပ်ပါလီမန်စနစ်အရ အာဏာရ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ဟာ နိုင်ငံရဲ့ ဝန်ကြီးချုပ်လည်း ဖြစ်လာပါလိမ့်မယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ကျော်မကောင်းကြားမကောင်းကိစ္စတွေ တသီတတန်းကြီး ပေါ်ပေါက်ခဲ့ ပြီးနောက် သူ့ပါတီတွင်းနဲ့ သူ့အစိုးရအဖွဲ့ထဲက နောက်လိုက်တွေရဲ့ ဆန့်ကျင်တာကိုခံရပြီး ရုတ်တရက် ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ 

ကွန်ဆာဗေးတစ်ပါတီရဲ့ လွှတ်တော်အမတ်တွေပါဝင်တဲ့ကော်မတီက ပါတီခေါင်းဆောင်သစ် ရွေးချယ်ပွဲကို ဦးဆောင်နေတာ ဖြစ်ပြီး ပါတီရဲ့လွှတ်တော်အမတ် ၃၅၈ ယောက်ထဲက အနည်းဆုံး ၂၀ လောက် ပါတီခေါင်းဆောင်နေရာအတွက် ဝင်ပြိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အမတ်တွေအချင်းချင်း ပြန်ပြီး မဲပေးရမယ့် ပထမအကျော့ရွေးကောက်ပွဲကို ဇူလိုင် ၁၃ ရက်မှာ စတင်ပါမယ်။ 

မဲ ၃၀ မပြည့်တဲ့ သူတွေကို ရွေးကောက်ပွဲကနေ ပယ်ပြီး ဇူလိုင် ၁၄ ရက်ကျရင် ဒုတိယကျော့ ရွေးချယ်ရပါမယ်။ 

ပါတီ ခေါင်းဆောင်ဖြစ်ဖို့ ဝင်ပြိုင်သူတွေ အားလုံးက အခွန်လျော့ချဖို့ ကတိပြုထားကြပါတယ်။

ကော်မတီဥက္ကဋ္ဌ ဖြစ်တဲ့ ဂရေဟမ်ဘရတ်ဒီက “ရွေးကောက်ပွဲ လုပ်ငန်းစဉ် မြန်မြန်ဆန်ဆန်၊ ချောချောမွေ့မွေ့နဲ့ သန့်သန့်ရှင်းရှင်းပြီးသွားစေချင်တယ်”လို့ ပြောပါတယ်။ 

ကနဦးအဆင့်တွေမှာ လွှတ်တော်အမတ်တွေက အဆင့်ဆင့် မဲပေး ရွေးချယ်ပြီး  ဆန်ခါတင် နှစ်ယောက် ကျန်တဲ့အဆင့်ကျရင် ကွန်ဆာဗေးတစ်ပါတီဝင် နှစ်သိန်းနီးပါးက ပါတီခေါင်းဆောင်နဲ့ နိုင်ငံရဲ့ ဝန်ကြီးချုပ်ကို နောက်ဆုံးအဆင့် မဲပေးကြရမှာ ဖြစ်ပါတယ်။

//
Up