ရနောင်းလူသတ်မှုနှင့်ပတ်သက်၍ မြန်မာလုပ်သား ၁ ဦးနှင့် ထိုင်း ၂ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်အမတ်နဲ့ ဆက်နွှယ်တဲ့ အသက် ၈၀ ကျော်ရွယ် ရာဘာခြံပိုင်ရှင်သက်ကြီးရွယ်အိုတယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာ အလုပ်သမား ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတာမှာ ဒီကနေ့မှာတော့ နောက်ထပ် ထိုင်းလင်မယား နှစ်ယောက်နဲ့ ငွေတောင်းတဲ့မက်ဆေ့ချ်ပို့လာတဲ့ ဖုန်းပိုင်ရှင် မြန်မာအလုပ်သမား တယောက်တို့ ထပ်မံဖမ်းဆီးခံထားရပါတယ်။
ရာဘာခြံပိုင်ရှင် နိုင်းထနူး ကျိုင်ဒီ ပျောက်ဆုံးစဉ်က သူ့ကိုပြန်လွှတ်စေချင်ရင် ဘတ်ငွေ ၁ သန်း လေဟာပြင်ဈေးမှာ လာချထားဖို့ မြေးဖြစ်သူရဲ့ဖုံးထဲကို မက်ဆေ့ချ်ပို့ထားတာပါ။
ရဲတွေက ဖုံးနံပါတ် မှတ်ပုံတင်ထားသူကို စစ်ဆေးရာမှာ ထိုင်းတောင်ပိုင်း ကရပိခရိုင်မှာ နေထိုင်သူ မြန်မာအလုပ်သမား တယောက်ရဲ့ အမည်ပေါက်နေတာကြောင့် သူ့ကို ဖမ်းဆီးစစ်ဆေး နေတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချိတ် ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် လူသတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ ထိုင်းလူမျိုး လင်မယား နှစ်ယောက်ကိုပါ ဖမ်းဆီးစစ်ဆေးနေပြီး ဒီအမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးဖို့ ဖမ်းထားသူ စုစုပေါင်း ထိုင်း ရော မြန်မာလုပ်သားအပါအဝင် အယောက် ၂၀ ရှိပါတယ်။
သေဆုံးသူရဲ့ နေအိမ်ခြံဝင်းထဲကို နောက်ထပ်သက်သေအထောက်အထားတွေရရှိဖို့ သွားရောက်စစ်ဆေးခဲ့ပြီး နိုင်းထနူးရဲ့အလောင်းကို ပစ်ထားတဲ့ တွင်းထဲကရေတွေကိုလည်း ရေစုတ်စက်နဲ့ အကုန်စုတ်ထုတ်ကာ ရှာဖွေခဲ့ပေမဲ့ အဲဒီမှာတော့ ဘာသက်သေမှ ထပ်မရဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေရဲ့ ထွက်ဆိုချက်တွေအရ လူသတ်မှုနဲ့ပတ်သက်တဲ့ကွင်းဆက်တွေ ရရှိကြောင်း ၊ စုံစမ်းစစ်ဆေးရေးတွေမပြီးသေးလို့ လောလောဆယ် သတင်းထုတ်ပြန်ဖို့ အဆင်မသင့်သေးဘူးလို့ ဒုရဲချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
အသတ်ခံရတဲ့ နိုင်းထနူး ကျိုင်ဒီဟာ ဒေသထဲမှာ ဩဇာညောင်းတဲ့ ရနောင်းလွှတ်တော်အမတ် လက်ထောက် နိုင်းထဝပ်ကျိုင်ဒီနဲ့ ပတ်ကျန်အုပ်စုစီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း ဘွန်းချွယ့် တို့ရဲ့ ဖခင် ဖြစ်ပါတယ်၊။
သူဟာ ရာဘာခြံထဲမှာဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ နှစ်ပေါင်း ၂၀ ကျော် အေးချမ်းစွာ နေထိုင်လာကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က နေအိမ်နဲ့ မလှမ်းမကမ်း တွင်းဟောင်းတစ်ခုထဲမှာ ထုနှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့အလောင်းကို တွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။
ဒီအမှုမှာ လူပေါင်း ၂၀ ဖမ်းဆီးခံထားရပြီး မြန်မာအလုပ်သမား နှစ်ယောက်ကတော့ ထွက်ပြေး လွတ်မြောက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ကိုးကား - news.thaipbs.or.th