close

စားအုန်းဆီ သတ်မှတ်ဈေးထက်ပိုပေးပြီး ဝယ်ယူသုံးစွဲနေရ

မြန်မာပြည်တွင်း စားအုန်းဆီဈေးကို စစ်ကောင်စီလက်အောက်ခံ စီးပွား/ကူးသန်း ဝန်ကြီးဌာနက တပိဿာကို ကျပ်  ၄၆၅၀ ဈေးသတ်မှတ်ထားပေမဲ့  ပြင်ပ‌ဈေးကွက်မှာတော့  အနိမ့်ဆုံး တပိဿာကို ကျပ် ၈၀၀၀ လောက်နဲ့ ဈေးပိုပေးပြီး  ဝယ်နေရတယ်လို့  စားအုန်းဆီ သုံးစွဲ ရောင်းဝယ်သူတွေထံက သိရပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားအုန်းဆီ ရည်ညွှန်းဈေး တပိဿာ ကျပ် ၄၆၅၀ အဖြစ် အခုလအတွင်း ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒါပေမဲ့ ပြင်ပဈေးကွက်အတွင်းမှာတော့  ဈေးကြီးပေးဝယ်နေရတုန်းပဲလို့ ပျဉ်းမနားမြို့က စားအုန်းဆီရောင်းဝယ်သူက ပြောပါတယ်။

"ဒီနေ့ အမတို့ရောင်းတာက တပိဿာ ရှစ်ထောင်ကျပ်၊ ဒါ နည်းနည်း ကျသွားတာ ၊ ပြီးခဲ့တဲ့လတွေတုန်းက ဆိုရင် တပိဿာ ကိုးထောင်ပတ်ဝန်းကျင်ပဲ။ သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ ဘယ်လိုရမှာလဲ။ ဘယ်နေရာတွေမှာ ရောင်းလဲတော့ မသိဘူး။ ဒီပျဉ်းမနားမှာတော့ အဲ့ဒီဈေးနဲ့ ရောင်းတာမရှိပါဘူး။”

စစ်တပ်အာဏာမသိမ်းခင်က စားအုန်းဆီ တပိဿာ ၄၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် တစတစ ဈေးနှုန်းမြင့်တက်လာခဲ့ရာမှာ အခုအချိန်မှာတော့ နှစ်ဆလောက်အထိ  မြင့်တက်လာခဲ့တာပါ။ အခုလို စားအုန်းဆီဈေး မြင့်တက်မှုဟာ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး အပေါ်ရိုက်ခတ်မှု ကြီးမားခဲ့ပါတယ်။

လယ်ဝေးမြို့ခံတစ်ဦးက  "အရင်က အကြော်ရောင်းတယ်။ မဆိုးပါဘူး၊ တနေ့တနေ့ရောင်းရပါတယ်။ အခု‌‌တော့ ဆီဈေး တွေကကြီးလာတယ်။ ရောင်းရတာ မကိုက်တော့ဘူးလေ။ တပိသာ ရှစ်ထောင်၊ ကိုးထောင်နဲ့ ဘယ်လိုကိုက်တော့မှာလဲ" လို့ပြောပါတယ်။

‌စားအုန်းဆီတစ်ပိဿာဈေးဟာ   ဒေသအလိုက်ကွာခြားမှုရှိပြီး  တချို့ဒေသ‌တွေမှာဆို တပိဿာ   ကျပ် ၉၂၀၀ ဝန်းကျင်ပေးရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လိုသလောက်ဝယ်ယူလို့ မရဘဲ ပြတ်လတ်တာတွေလည်း ရှိတယ်လို့သိရပါတယ်။

//
Up