ပြည်ပချေးငွေ ပြန်ပေးဆပ်မှု ဆိုင်းငံ့ထားရန် ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို ဗဟိုဘဏ် ညွှန်ကြား

ပြည်ပချေးငွေ ရယူထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ချေးငွေ အတိုး/အရင်း ပြန်လည်ပေးဆပ်မှုကို လတ်တလောကာလမှာ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီဩဇာခံ နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားလိုက်ပါတယ်။
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရ ဘဏ်တွေထံ ဇူလိုင် ၁၃ ရက် ရက်စွဲနဲ့ ဗဟိုဘဏ်က ပေးပို့ခဲ့တဲ့ အဲဒီညွှန်ကြားစာမှာ AD လိုင်စင်ရ ဘဏ်တွေအနေနဲ့ မိမိတို့ Customers တွေကို ချေးငွေ အတိုး/အရင်း ပြန်လည်ပေးဆပ်ရမယ့် အစီအစဉ် (Repayment Schedule) ကို ပြည်ပက ငွေချေးငှားသူ (Lender) တွေနဲ့ ညှိနှိုင်းပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းကြားပေးဖို့ တိုက်တွန်းထားပါတယ်။
ဒီညွှန်ကြားချက်ဟာ ပြည်ပနိုင်ငံတွေထံ နိုင်ငံခြားငွေစီးဆင်းမှုကို ဗဟိုဘဏ်က ထပ်မံတင်းကျပ်လိုက်တဲ့သဘော ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းမှာ နိုင်ငံသားကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာက ကုမ္ပဏီတွေက ပြည်ပဘဏ်နဲ့ မိခင်ကုမ္ပဏီတွေထံကနေ ချေးငွေရယူရာမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့လိုပြီး ဗဟိုဘဏ်ရဲ့ခွင့်ပြုမိန့် တောင်းခံပြီးမှသာ ဆောင်ရွက်ခွင့် ပေးထားတာပါ။
အခုညွှန်ကြားချက်ဟာ နိုင်ငံခြားကုမ္ပဏီတွေအတွက် စိန်ခေါ်မှုရှိလာနိုင်ပြီး အတိုးနှုန်း သက်သာတဲ့ ပြည်ပချေးငွေရယူနိုင်မှု ကျဆင်းသွားနိုင်မယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။