close

ရွေးကောက်ပွဲအမှုနှင့်ပတ်သက်၍ အပြစ်မရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ အမှုကို ဇူလိုင် ၁၅ ရက်က  နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီနေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်စာရင်းပြုစုတဲ့ နေရာမှာ မလျော်သြဇာလွှမ်းမိုးခဲ့ခြင်းမရှိသလို လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် သူ့မှာ အပြစ်မရှိကြောင်း  ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီရွေးကောက်ပွဲအမှုနဲ့ပတ်သက်လို့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(Case Management Program) အရ ပြီးခဲ့တဲ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကို စစ်ဆေးခဲ့ပြီး သမ္မတကလည်း သူ့အနေနဲ့ မလျော်သြဇာသုံးပြီး ညွှန်ကြားခဲ့တာ ကျုးလွန်ခဲ့တာ မရှိဘူးလို့ ထွက်ဆိုထားပါတယ်။

နောက်အပတ်ရုံးချိန်းမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူ ကိုစစ်ဆေးသွားမယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီမဲရှုံးသွားပြီးနောက်မှာ မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစသိမ်းကတည်းက  နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို အပြစ်မရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းကျမှာ  ပြည်ထောင်စုရွေးကောက် ပွဲကော် မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲကာ ရာဇတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

//
Up