မိန်းကလေးများ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရမှုတွင် တာဝန်ပျက်ကွက်သည့် ထိုင်းရဲ ၁၁ ဦး အမှုဖွင့်ခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မိုင်းပေါက်မြို့မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတဲ့ ထိုင်းအမျိုးသမီး ၆ ယောက်ကို UWSA ‘ဝ’ တပ်ဖွဲ့က ကယ်တင်ပြီး မြန်မာဘက်ကနေ ထိုင်းအာဏာပိုင်တွေလက်ထဲ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က ပြန်အပ်ခဲ့ပြီးဖြစ်ပေမဲ့ ဒီအမှုကို ထိုင်း တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
စစ်ဆေးချက်တွေအရ အဆိုပါမိန်းကလေး ၆ ယောက်ဟာ ထိုင်းနယ်စပ်မှ မြန်မာပြည်ထဲသို့ တရားမဝင် ဝင်ရောက်ရာမှာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ကော်ချန့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သား ၁ ယောက်တို့က နယ်စပ်ဖြတ်နိုင်အောင် အကူအညီပေးခဲ့တာကြောင့် သူတို့ကို ခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ချင်းရိုင်းခရိုင် မယ့်ယောင်းမြို့နယ်ရှိ Resort ဟိုတယ်နှစ်ခုထဲမှာ အသက် ၁၈ နှစ်အောက်နဲ့ ၁၈ နှစ်အထက် ထိုင်းနဲ့ လာအို မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုရိုက်ကူးပြီး live လွှင့်တာတွေကိုလည်း ထိုင်းရဲက စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
Live ဗွီဒီယို ကြည့်ရှုလိုသူတွေမှာ အဖွဲ့ဝင်ကြေးငွေပေးရပြီး ကြည့်ရှုသူပေါင်း ၃ ဒသမ ၇ သန်း ကျော်ကြောင်းနဲ့ အများစုမှာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ဆိုပါတယ်။
မိမိတာဝန်ယူထားတဲ့ နယ်မြေထဲ ခုလိုဖြစ်ရပ်တွေ ရှိနေတာဟာ သက်ဆိုင်ရာရဲတပ်ဖွဲ့က တာဝန်ဝတ္တရား လစ်ဟင်းတဲ့အပြင် အဆိုပါရဲတွေရဲ့ ဘဏ်စာအုပ်ထဲမှာ တရုတ်နိုင်ငံကနေ ဘတ်ငွေ ၈ သိန်း လွှဲပေးထားတဲ့ သက်သေလည်း ရှိတယ်လို့ ဆိုပါတယ်။
ချင်းရိုင်းမြို့နယ် ရဲစခန်းမှာလည်း လက်ထိပ်တန်းလန်းနဲ့ ရောက်လာတဲ့ တရားခံတချို့ဟာ ငွေပေးနိုင်ရင် ပြန်လွတ်လာတယ်ဆိုတဲ့ တိုင်တန်းချက်တွေလည်း ရှိနေပါတယ်။
ဒါကြောင့် ချင်းရိုင်းခရိုင်မှ ဒုရဲမှူးအဆင့်ရှိ ရဲတဦးနဲ့ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးတွေပါ ပါဝင်တဲ့ ရဲအရာရှိ ၈ ယောက်ကို အမှုဖွင့်ထားကြောင်း၊ သူတို့အားလုံး ခရိုင်ရဲတပ်ဖွဲ့မှာ ဇူလိုင် ၁၃ ရက်က လာရောက်သတင်းပို့ထားကြပြီးပြီလို့ အထူးစုံစမ်းစစ်ရေးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးချုပ် ဖိုင်ရို့တ် ကုကျစ်တဖန်းက ထိုင်းသတင်းထောက်ကို ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရားဥပဒေချိုးဖောက်သူ ဘယ်သူ့ကိုမဆို ဝန်ထမ်းအချင်းချင်း ဖြစ်နေပါစေ ဥပဒေအရ အရေးယူရမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုနဲ့ ဒုစရိုက်တားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်တွေကြောင့် အမေရိကန်က နှစ်စဉ်ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု ဆိုးရွားအဆင့် နိုင်ငံတွေမှာ ထိုင်းနိုင်ငံက ၂ နှစ်ဆက်တိုက် အဆင့် ၂ ဒသမ ၅ ရောက်နေရာက ဒီနှစ်မှာတော့ အဆင့် ၂ ကို လျော့နည်းသွားပြီလို့ ဒုရဲမှူးချုပ်က ပြောပါတယ်။