close

ဂါဇာကို အစ္စရေးတိုက်ခိုက်၊ အဆောက်အအုံ ၂ ခု ဒုံးကျည်ထိမှန်

ပါလက်စတိုင်းပိုင်နက်ကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ဇူလိုင် ၁၆ ရက်မှာ အစ္စရေး တိုက်လေယာဉ်တွေက ဂါဇာကို တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကနေ ဆော်ဒီအာရေဗျနိုင်ငံဆီ လေယာဉ်နဲ့ ပျံသန်းပြီး နာရီပိုင်းအကြာမှာ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ခဲ့တာပါ။

ဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးရဲ့ ပေါင်းစည်းမှုကို နက်ရှိုင်းစေဖို့ ရည်မှန်းထားတာပါ။

ပိတ်ဆို့ခံထားရပြီး အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ ဟားမတ်က ပိုင်တာလို့ အစ္စရေးက ပြောထားတဲ့ အဆောက်အအုံနှစ်ခုကို ဒုံးကျည်တွေ ထိမှန်ကြောင်း ပြထားတဲ့ ဗွီဒီယိုတခုကို အစ္စရေးစစ်တပ်က ဖြန့်ဝေခဲ့ပါတယ်။ 

ပစ်မှတ်တွေထဲက တခုဟာ ဒုံးပျံထုတ်လုပ်တဲ့ မြေအောက် စက်ရုံလို့လည်း အစ္စရေး စစ်တပ်က ပြောခဲ့ပါတယ်။

ဂါဇာက မျက်မြင်သက်သေတွေကလည်း ဒီနေရာနှစ်ခုကို ဟားမတ်စ်လေ့ကျင့်ရေးစခန်းတွေလို့ ပြောခဲ့ကြပါတယ်။ 

အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဟားမတ်စ်က ဘိုင်ဒန်ရဲ့ ခရီးစဉ်ကို ရှုတ်ချခဲ့ပြီး အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖော်ဇီ ဘာရ်ဟွန်မ်က အခုလို ဗုံးကြဲတိုက်ခိုက်မှုဟာ ဇီယွန်ဝါဒီအဖွဲ့ရဲ့ ရန်စမှုတွေ၊ ရာဇ၀တ်မှုတွေ ကျူးလွန်ရာမှာ ရရှိထားတဲ့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ အားပေးမှုတွေကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။

//
Up