လာမယ့်ရာသီတွင် မန်စီးတီး၏ ကစားပုံပြောင်းလဲသွားနိုင်ကြောင်း ရိုဒရီ သုံးသပ်

လာမယ့်ရာသီမှာ အသင်းရဲ့ကစားပုံ ပြောင်းလဲသွားနိုင်တယ်လို့ မန်စီးတီးကွင်းလယ်လူ ရိုဒရီက ပြောပါတယ်။
မန်စီးတီးဟာ နံပါတ် ၉ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူထားသလို ကွင်းလယ်အဖျက် နေရာမှာလည်း လိဒ်ယူနိုက်တက်က ကယ်ဗင်ဖိလစ်ကိုခေါ်ယူထားတာပါ။
အဲဒီလို ကစားသမားတွေ ရောက်ရှိလာတဲ့အတွက် မနှစ်ကရာသီကလို ကစားကွက်မဟုတ်တော့ဘဲ ပုံစံတစ်မျိုးပြောင်းလဲနိုင်ကြောင်း ကွင်းလယ်လူရိုဒရီက သုံးသပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ သုံးနှစ်လောက်အတွင်းမှာ တိုက်စစ်မှူးစစ်စစ်မပါဘဲ ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြောင်း၊ ဟာလန်းလို တိုက်စစ်မှူးစစ်စစ် ရောက်လာတာကြောင့် အသင်းရဲ့ ကစားပုံ ပြောင်းလဲနိုင်ပေမယ့်လည်း ပိုပြီးကောင်းမွန်တဲ့အရာကို ရယူဖို့သာဖြစ်နိုင်ကြောင်း ရိုဒရီက ပြောပါတယ်။
စပိန် ကွင်းလယ်လူရိုဒရီဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။