close

အီရတ်အပန်းဖြေစခန်း တိုက်ခိုက်ခံရပြီး ခရီးသွား ၈ ဦးသေဆုံးခဲ့သည့်အပေါ် ကန့်ကွက်ဆန္ဒပြ

အီရတ်နိုင်ငံမြောက်ပိုင်း ဒိုဟွတ်ခ်ပြည်နယ်က တောင်ပေါ်အပန်းဖြေစခန်းတခုမှာ ခရီးသွား ၈ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အီရတ်မြို့တော် ဘဂ္ဂဒက်မြို့က တူရကီသံရုံး အပြင်ဘက်မှာ ဇူလိုင် ၂၀ ရက်က လူဒါဇင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသနဲ့ တူရကီနယ်စပ်မှာရှိတဲ့ ဇာခိုအပန်းဖြေစခန်းကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အီရတ်နိုင်ငံပိုင် ရုပ်သံက ပြောခဲ့ပါတယ်။

နောက်ထပ် လူ ၂၃ ဦးပါ ဒဏ်ရာရခဲ့တဲ့ ဒီတိုက်ခိုက်မှုကို တူရကီက လုပ်တယ်လို့ အီရတ်က အခိုင်အမာ စွပ်စွဲပြီး တူရကီက ငြင်းဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်လို့လည်း ပြောပါတယ်။ ညှိနှိုင်းဆွေးနွေးဖို့ တူရကီနိုင်ငံမှာ ရှိတဲ့ အီရတ်သံအမတ်ကို ပြန်ခေါ်မယ်လို့ အီရတ်အစိုးရက ပြောပါတယ်။

ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ တူရကီသံရုံးအပြင်ဘက်တွင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ မြို့တော် တောင်ဘက် နာဂျာ့ဖ်မြို့မှာ ဆန္ဒပြသူတွေက တူရကီသမ္မတ တေယစ် အာဒိုဂန်ကို အကြမ်းဖက်သမားလို့ စွပ်စွဲထားတဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲခဲ့ကြပါတယ်။

အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်းသံတမန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ Twitter လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။

“တိုက်ခိုက်မှုအတွင်း အသေအပျောက်တွေ ကြားသိလို့ ဝမ်းနည်းမိတယ်။ တူရကီဟာ အရပ်သား သေဆုံးမှုကို ရှောင်ရှားဖို့နဲ့ သမိုင်းဝင် ယဉ်ကျေးမှုနေရာတွေ မပျက်စီးစေဖို့ ဥပဒေမဲ့ ကာဒစ္စတန် အလုပ်သမားပါတီ(PKK)ရဲ့ ပြည်သူ့စစ်အဖွဲ့ကို တိုက်တဲ့ အကြမ်းဖက်ဝါဒ နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ အများဆုံး ဂရုစိုက်ခဲ့တယ်” လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

//
Up