တူနီးရှားတွင် ချီတက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်း

တူနီးရှားရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာနကို ချီတက်ဆန္ဒပြနေတဲ့ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို ဇူလိုင် ၂၂ ရက် မှာ မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းမှုန့်တွေ နံပါတ်တုတ်တွေကို သုံးပြီးလူစုခွဲခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တွေအပါအဝင် ဆန္ဒပြသူတွေဟာ “အာဏာရှင်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျင့်သုံးပါနဲ့” ၊ “လွတ်လပ်ရေး၊ လွတ်လပ်ရေး… ရဲနိုင်ငံကို အဆုံးသတ်ပေး” စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးရင်း မြို့လယ်က ဟာဘစ်ဘ် ဘူဂူရာဂီဘာ ရိပ်သာလမ်းမှာ စုဝေးခဲ့ကြပါတယ်။
သမ္မတက ဒီမိုကရေစီနည်းကျ ၂၀၁၄ ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်ပြီး ဇူလိုင် ၂၅ ရက်မှာ နိုင်ငံရေး ပါတီအများစုက သပိတ်မှောက်မယ်လို့ ပြောထားတဲ့ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကို ကျင်းပမှာပါ။
သမ္မတဟာ မနှစ်ကတည်းက ဝန်ကြီးချုပ်ကို ရာထူးကနေ ထုတ်ပြီး လွှတ်တော်ကို ဆိုင်းငံ့ရင်း တူနီးရှားကို နှစ်ပေါင်းများစွာ နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေကနေ ကယ်တင်မယ်လို့ ပြောရင်း အမိန့်ဖြင့် အာဏာသိမ်းခဲ့တာပါ။
အဲဒီနောက် နိုင်ငံရေးအာဏာတွေကို စုဆောင်းခဲ့ပါတယ်။ ဒီမိုကရေစီကို ဆောင်ကြဉ်းလာခဲ့တဲ့ ၂၀၁၁ တော်လှန်ရေးမှာ ရထားတဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လက်ကိုင်ထားမယ်လို့ သမ္မတက ကတိပြုခဲ့ တာပါ။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ တဦးတည်းအုပ်ချုပ်မှုဆီသို့ ချီတက်နေပြီး သက်ဦးဆံပိုင်စနစ်ဆီ လျှောကျသွားမှာကို ကြောက်ရွံ့နေကြတယ်လို့ ပြောပါတယ်။
ဇူလိုင် ၂၂ ရက် ဆန္ဒပြသူတွေထဲမှာ အတ္တယာပါတီ၊ ဂျွန်မ်ဟူရီပါတီနဲ့ အလုပ်သမားပါတီက ဦးဆောင်ပုဂ္ဂိုလ်တွေ ပါပါတယ်။
ဆန္ဒပြပွဲမှာ ရဲတွေက ဆန္ဒပြသူ ငါးယောက်ထက်မနည်း ဖမ်းဆီးခဲ့တာကို ရိုက်တာ သတင်းထောက်က မြင်ခဲ့ပါတယ်။
သမ္မတကို ဆန့်ကျင်တဲ့ ပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူ အုပ်စုတွေအကြား သဘောထားကွဲလွဲမှု တွေက သူ့အစီအစဉ်ကို ရှေ့တိုးဖို့ ပိုလွယ်ကူစေတယ်လို့ လေ့လာသူတွေက ပြောခဲ့ကြပါတယ်။