ဘရာဇီးတိုက်စစ်မှူး နေမာနှင့် ပတ်သက်သည့်အမှု စစ်ဆေးမည်

ဘရာဇီးတိုက်စစ်မှူး နေမာ၊ ဘာစီလိုနာအသင်းနဲ့ ဆန်းတို့စ်အသင်းတို့ကို တရားစွဲထားတဲ့ အမှုကို အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်ဆေးမယ်လို့ တရားလိုဖြစ်တဲ့ ဘရာဇီးကုမ္ပဏီ DIS က ကြေညာချက် ထုတ်ပြန်ပါတယ်။
၂၀၁၃ ခုနှစ်တုန်းက ဆန်းတို့စ်အသင်းက နေမာကို ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့စဉ်မှာ လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့တယ်ဆိုပြီး နေမာရဲ့အပြောင်းအရွှေ့ အမြတ်အစွန်း တစိတ်တပိုင်း ခံစားခွင့်ရှိတဲ့ ကုမ္ပဏီက စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။
နေမာ အပြောင်းအရွှေ့မှာ ကုမ္ပဏီက ရသင့်ရထိုက်သလောက် မရခဲ့လို့ဆိုပြီး နေမာရဲ့ မိဘတွေနဲ့ မိသားစုက ပိုင်ဆိုင်တဲ့ N&N ကုမ္ပဏီ၊ အဲဒီအချိန်က ဆန်းတို့စ်အသင်း မန်နေဂျာ အိုဒီးလီယို ရော့ဒရီးဂစ်၊ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဆန်းဒရိုး ရိုဆဲလ်နဲ့ ဒုဥက္ကဋ္ဌ ဂျိုးဇက် မာရီယာ ဘာ့တိုမေး တို့ကို တရားစွဲထားတာ ဖြစ်ပါတယ်။
နေမာက စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်တုန်းက စပိန်ရဲ့ အထက်တရားရုံးတရုံးက နေမာမိသားစုနဲ့ ကလပ်အသင်းနှစ်သင်းကတင်တဲ့ အယူခံကို ပယ်ချထားတဲ့အတွက် အမှုကို ဆက်လက်စစ်ဆေးဖို့ ဖြစ်လာတာပါ။