close

မြင်းမူတွင် စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ကလေးငယ်အယောက် ၆၀ ခန့် ပိတ်မိနေ

ဇူလိုင် ၂၇ ရက်က မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံထားရစဉ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာမှာ ဩဂုတ် ၁ ရက် မနက်ကတည်းက အကြမ်းဖက် စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားတာကြောင့် စာသင်နေတဲ့ KG ကလေးငယ် အယောက် ၆၀ လောက် ပိတ်မိနေတယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။

“လက်ရှိအခြေအနေကတော့ စိတ်မကောင်းစရာပါပဲ။ စာသင်နေတဲ့ ကလေးလေး ၆၀ လောက်လည်း မနေ့ကတည်းက ပိတ်မိနေရှာတာ အခုထိပဲ။ ကလေးတွေ အများဆုံးက KG တန်းတွေ၊ ဘယ်လိုများ နေကြရှာမလဲ မသိဘူး။ ရွာသူရွာသားတွေ ၁၀၀ လောက်ကိုလည်း စကစက ဖမ်းထားတယ်။ (--)တွေလက်ထဲမှာ အချိန်မရွေး တခုခုလုပ်ပစ်နိုင်ပါတယ်။”

အကြမ်းဖက်စစ်ကောင်စီတပ်က သတ်ဖြတ်ထားတဲ့ ပြည်သူအလောင်း ၅ လောင်း ရှိတယ်လို့သိရပြီး PDF တွေထဲကတော့ တယောက်မှ အထိအခိုက် မရှိဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။

ဒေသခံတဦးက “မနေ့က ကွမ်းခြံထဲတွေဘက်မှာလည်း လေယဥ်နဲ့ပစ်တော့ အလုပ်လုပ်နေတဲ့ ပြည်သူတယောက် ဗိုက်မှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ မိန်းကလေးတဦးကတော့ ​ကျည်ထိထားတာ အခြေအနေ အတိအကျ မသိရသေးဘူး။ ဒီမနက်မှာတော့ ကွမ်းခြံသမားတွေရဲ့ တဲတွေကို PDF စခန်းတွေထင်ပြီး မီးလိုက်ရှို့နေတယ်လို့ သိရတယ်။ အဲဘက်က တရွာလုံး ကွမ်းစိုက်ကြတော့ ကွမ်းခြံတိုင်း တဲတွေရှိကြပါတယ်” လို့ ပြောပါတယ်။

မြင်းမူအရှေ့ခြမ်း ညောင်ပင်ဝန်းဘက်ကနေ သစ္စာဦး express ကား ၂ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ ရွာထဲကို အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ကား ၅ စီးနဲ့ ဆိုင်ကယ် အစီး ၃၀ ကျော်လည်း သိမ်းဆည်းထားတယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

မြောင်မြို့နယ်ပေါ်ကိုလည်း အကြမ်းဖက် စစ်ကောင်စီဘက်က လေယာဥ်နဲ့ မကြာမကြာ ပျံဝဲနေတာ ၃ ခေါက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

//
Up