ထိုင်ဝမ်ရေလက်ကြား အရှေ့ပိုင်းတွင် တရုတ်စစ်တပ် တာဝေးပစ်ဒုံးကျည် ပစ်ခတ်လေ့ကျင့်

2.9K
တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ ကြိုတင်စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းအနေနဲ့ ထိုင်ဝမ်ရေလက်ကြားရဲ့ အရှေ့ပိုင်းက သတ်မှတ်ဧရိယာအတွင်း အတိအကျ ချိန်ရွယ်ပစ်ခတ်မှု အနေနဲ့ တာဝေးပစ် ဒုံးကျည်တွေကို ပစ်ခတ်လေ့ကျင့်ခဲ့တယ်လို့ တရုတ်အစိုးရ ရုပ်သံက ဩဂုတ် ၄ ရက်မှာ ကြေညာပါတယ်။
နေရာ ၆ ခုမှာ ဖြန့်ကျက်ထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဩဂုတ် ၇ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီမှာ ပြီးဆုံးမှာပါ။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီရဲ့ ထိုင်ဝမ်ကို အလည်အပတ်ခရီးစဉ် ပြီးဆုံးတဲ့နောက်မှာ ခုလို စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။
ပေလိုစီရဲ့ ခရီးစဉ်ကို တရုတ်ပြည်မကြီးအစိုးရက ပြစ်တင်ရှုတ်ချထားပြီး ဒီမိုကရေစီစနစ်နဲ့ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းဟာ တရုတ်ပိုင်နက်အဖြစ် အခိုင်အမာ ကြေညာထားပါတယ်။