မင်းပြားတွင် အမျိုးသားတဦး မြေမြှုပ်မိုင်းနင်းမိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာက အမျိုးသားတဦး ဩဂုတ် ၅ ရက် မနက်ပိုင်းက ရွာအရှေ့ဘက် တောင်တန်းမှာ မြေမြှုပ်မိုင်းထိပြီး ညာဘက်ခြေ ခြေချင်းဝတ်ကနေ ပြတ်သွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် ဦးရွှေစိန်အောင်ဟာ ရွာရဲ့အရှေ့ဘက် တောင်တန်းပေါ်မှာ သစ်သွားခုတ်စဉ် မြေမြှုပ်မိုင်းထိသွားတာလို့ ရွာသားတဦးက ပြောပါတယ်။
“သူက ရွာရဲ့အရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ တောင်တန်းမှာ သစ်သားခွတိုင် သွားခုတ်တာလို့ သိရတယ်။ မနက် ၇ နာရီ ၃၀ လောက်မှာ မြေမြှုပ်မိုင်း နင်းမိတာဖြစ်တယ်။ ညာဘက်ခြေ ခြေချင်းဝတ်က ပြတ်သွားတယ်။ ခန္ဓာကိုယ် တခြားအစိတ်အပိုင်းတွေမှာလည်း ဒဏ်ရာရရှိခဲ့တာတွေရှိတယ်။ ဒဏ်ရာက ပြင်းတယ်။ အခုတော့ မင်းပြားဆေးရုံကို ပို့ဆောင်နေတယ်” လို့ ပြောပါတယ်။
မြေမြှုပ်မိုင်းထိတဲ့နေရာအနီးမှာ စစ်ကောင်စီက တပ်စွဲနေတာတွေရှိပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကလည်း စစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံး၊ အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။