အစ္စရေးတိုက်ခိုက်မှုတွင် ကျဆုံးခဲ့သည့် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ အကြီးတန်းတပ်မှူး ဈာပန ကျင်းပ

အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ရဲ့ အကြီးတန်း တပ်မှူးတဦးအတွက် ဈာပနအခမ်းအနားကို သြဂုတ် ၆ ရက်က ဂါဇာမှာ ကျင်းပခဲ့ပြီး ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ တက်ရောက်ခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဝမ်းနည်းပူဆွေးသူတွေဟာ ပါလက်စတိုင်းအလံတွေ ကိုင်ဆောင်ပြီး လက်စားချေဖို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်ရာမှာ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်လှုပ်ရှားမှု (PIJ) ရဲ့ အကြီးတန်း လက်နက်ကိုင်တပ်မှူး ခါလဒ် မန်ဆော် သေဆုံးခဲ့တယ်လို့ (PIJ) က ဩဂုတ် ၇ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အခုအချိန်အထိ အရပ်သား သုံးပုံတပုံ အနည်းဆုံးပါတဲ့ ပါလက်စတိုင်း ၃၁ ဦး သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ ကမ်းမြောင်ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးနဲ့ ဂါဇာအခြေစိုက် စစ်သွေးကြွတွေ အပြန်အလှန်ပစ်ခတ်နေတာ ၃ ရက်ဆက်တိုက် ရှိပါပြီ။ ဒုံးကျည်တွေကြောင့် အစ္စရေးတောင်ပိုင်းဒေသ နေရာအများအပြား တုန်လှုပ်သွားခဲ့ပြီး တဲလ်အဗီနဲ့ အက်ရှ်ခေလွန်မြို့တွေအပါအဝင် မြို့တွေမှာ နေထိုင်သူတွေကို ခိုလှုံစရာနေရာတွေဆီ ပို့ခဲ့ရပါတယ်။