close

တာချီလိတ်တွင် ရေဆက်ကြီး၊ အမျိုးသားတဦး ကားနှင့်အတူရေစီးထဲမျောပါသေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့မှာ မနေ့မနက် အစောပိုင်းကတည်းက မိုးသည်းထန်ပြီး အနိမ့်ပိုင်းရပ်ကွက်တချို့ ရေလွှမ်းခဲ့တာကြောင့် လူ ၁ ဦးကားနဲ့အတူ ရေစီးနဲ့မျောပါ သေဆုံးခဲ့သလို ဒီနေ့လည်း ရေ ဆက်ကြီးနေဆဲ ဖြစ်ပါတယ်။ 

မနေ့ညနေ ၃ နာရီကျော်က တာချီလိတ်စက်မှုဇုန်အနီး ဟောင်လိုတ်ရပ်ကွက် ဦးထွန်းအောင်တံတားနားမှာ အမျိုးသား ၁ ဦး မောင်းနေတဲ့ကားနဲ့အတူ ရေထဲမျောပါသွားရာက ည ၇ နာရီကျော်မှ အလောင်းအနေနဲ့ ပြန်တွေ့တယ်လို့ တာချီလိတ် ဦးလှမိုး လူမှုကူညီရေးသင်းဝင် ကိုဖြိုးက ပြောပါတယ်။ 

“ကားနဲ့အတူ ရေထဲမျောပါသွားတဲ့လူကို ဌာနဆိုင်ရာတာဝန်ရှိသူတွေရော ကျနော်တို့ ပရဟိတအဖွဲ့ တွေပါ ဝိုင်းရှာကြတာ။ မနေ့ည ၇ နာရီကျော်လောက်မှ ပြန်တွေ့တယ်။ ရေထဲကို ဝါးလုံးတွေနဲ့ လိုက်ထောက်ကြည့်တာ ငါးကန်ထဲမှာ ကားဘော်ဒီကို ထောက်မိတယ်။ ကားမှန်ဖွင့်လျက်နဲ့ အထဲက လူကို ဆွဲထုတ်တာ အသက်မရှိတော့ဘူး။”

သေဆုံးသူဟာ အသက် ၄၄ နှစ်ရှိ ဦးမောင်အေးဆိုသူဖြစ်ပြီး ရေကြီးချိန် ကားလမ်းနဲ့ ငါးကန်က  ရေတွေ တဆက်တည်းဖြစ်သွားကာ ကားလမ်းအတိုင်း မောင်းပေမယ့် ရေစီးနဲ့အတူ ငါးကန်ထဲကို ကျသွားတာလို့ သိရပါတယ်။

တာချီလိတ်မှာ မနေ့ကနေ ဒီနေ့မနက်ထိ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဆန်ဆိုင်း (က)၊ မဲခေါင်၊ ဟောင်လိုတ်၊ တော်ကော့၊ တာလော့ စတဲ့ ရပ်ကွက်တွေထဲ ရေတွေဝင်လို့ သွားရေးလာရေးနဲ့ ချက်ပြုတ်စားသောက်ဖို့ အခက်အခဲရှိနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

ဒါကြောင့် တာချီလိတ် ဦးလှမိုးလူမှုကူညီရေးအသင်းက ဒီနေ့မနက်မှာ ရာနဲ့ချီတဲ့ ထမင်းထုတ်တွေ လိုက်ဝေပေးခဲ့တယ်လို့ သိရပါတယ်။ 

တာလော့ရပ်ကွက်နေသူတဦးကလည်း သူတို့ဆီမှာ ရေမကျသေးတဲ့အပြင် နောက်ထပ် ၁ ပေ လောက် ထပ်တက်လာတယ်လို့  ပြောပါတယ်။ 

လက်ရှိရေကြီးနေတဲ့ ရပ်ကွက်တွေဟာ ထိုင်း-မြန်မာနှစ်နိုင်ငံကို ခြားထားတဲ့ မယ်ဆိုင်ချောင်း နံဘေးမှာရှိပြီး ထိုင်းဘက်ခြမ်းက ရပ်ကွက်တချို့လည်း ရေဝင်နေတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

//
Up