တာလီဘန်အာဏာရမှု ၁ နှစ်ပြည့်အထိမ်းအမှတ် ကဘူးလ်တွင် အောင်ပွဲခံအခမ်းအနား ပြုလုပ်

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရလာတာ တနှစ်ပြည့်အထိမ်းအမှတ် သြဂုတ် ၁၅ ရက်နေ့မှာ အောင်ပွဲခံ ချီတက်ခဲ့ကြပါတယ်။
နိုင်ငံဟာ ဆင်းရဲမွဲတေမှု၊ မိုးခေါင်မှု၊ အာဟာရပြတ်လပ်မှုနဲ့ ကြုံနေရဆဲဖြစ်သလို အမျိုးသမီးတွေဟာလည်း တိုင်းပြည်ရဲ့ အရေးအရာတွေမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက် ကင်းမဲ့နေဆဲ ဖြစ်ပါတယ်။
တာလီဘန်တွေ အာဏာရခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကဘူးလ်မြို့တော်မှာ အောင်ပွဲခံ သေနတ်ပစ်ဖောက်တာ ကြားရသလို တာလီဘန် တိုက်ခိုက်ရေးသမားတွေဟာ အနက်နဲ့ အဖြူရောင်ပါတဲ့ တာလီဘန်အလံတွေကို ဝှေ့ယမ်းရင်း ချီတက်ကြပါတယ်။
တာလီဘန်ကို ထောက်ခံသူတွေ၊ စစ်သားတွေနဲ့ အရာရှိတွေဟာ အမေရိကန်သံရုံးရှေ့မှာ အောင်ပွဲခံဖို့ စုရုံးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အောင်ပွဲခံအခမ်းအနားကို တာလီဘန်အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေနဲ့အတူ တက်ရောက်လာတဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး အေမာခန်းမူတာကီက တာလီဘန်ခေတ်မှာ ပြည်သူတွေဟာ အမေရိကန်တပ်တွေ ရှိစဉ်တုန်းကထက် ပိုပြီး လုံခြုံလာတယ်လို့ ပြောပါတယ်။
တာလီဘန်အစိုးရဟာလည်း ကမ္ဘာကြီးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ လိုလားတယ်လို့ ပြောပါတယ်။
အာဖဂန်နစ္စတန်ကနေ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ထွက်ခွာသွားတဲ့နောက်ပိုင်း တာလီဘန်တွေကိုယ်တိုင် အုပ်ချုပ်နေတာဖြစ်လို့ တိုက်ခိုက်မှုတွေက အပြင်ပန်းအားဖြင့် လျော့ကျသွားပါတယ်။
ဒါပေမဲ့ အစ္စလာမ္မစ်စတိတ်အဖွဲ့ (အိုင်အက်စ်) အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေပါတယ်။
တချိန်တည်းမှာ တိုင်းပြည်စီးပွားရေး ကျဆင်းနေတာဟာ တာလီဘန်အစိုးရအတွက် ကြီးမားတဲ့ဖိအားဖြစ်နေပြီး နိုင်ငံတော်တော်များများကလည်း တာလီဘန်အစိုးရက အသိအမှတ် မပြုထားဘဲ နိုင်ငံတကာ အကူအညီတွေကိုလည်း ဖြတ်တောက်ထားပါတယ်။
တာလီဘန်တွေက အမေရိကန်က သိမ်းဆည်းထားတဲ့ ဒေါ်လာ ၉ ဘီလီယံကို ပြန်ပေးဖို့ တောင်းဆိုနေပေမဲ့ ညှိနှိုင်းမှုတွေမှာ အခက်အခဲတွေ ရှိနေတုန်းပါပဲ။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တာလီဘန်တွေကို အမျိုးသမီးတွေအပေါ် လေးစားဖို့၊ အမျိုးသမီးတွေ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်တွေကို ခွင့်ပြုဖို့ တောင်းဆိုနေပြီး တာလီဘန်တွေက တောင်းဆိုချက်တွေကို မလိုက်လျောဘဲ အစ္စလာမ်ဥပဒေ ဘောင်ထဲကနေ ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။