မောင်တောတွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်ခြားမှတ်တိုင် အမှတ် ၃၈ မှာ သြဂုတ် ၁၆ ရက် မနက် ၉ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးတိုက်ကျေးရွာဒေသခံ မျက်မြင်တယောက်က “ဒီနေ့ မနက် ၉ နာရီက နယ်ခြားမှတ်တိုင် ၃၈ ဘက်မှာ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ်။ အခု မွန်းလွဲ ၁ နာရီကျော်မှာတော့ ရဟတ်ယာဥ်တစီး တက်သွားတယ်” လို့ ပြောပါတယ်။
ဘူးသီးတောင် စခခ ၁၅ မှ ရဟတ်ယာဥ်နဲ့ စစ်ကူလိုက်ပေးနေပြီး နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင်-ဘင်္ဂလား နယ်ခြားမှတ်တိုင် ၄၀ ဘက်မှာ ဩဂုတ် ၁၃ ရက်နေ့ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း ဒကစ စစ်တွေလက်အောက်ခံ ခလရ ၂၀ က ဗိုလ်မှူးတယောက် သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်တဲ့ သုံးနေရာနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွင်း တနေရာ၊ စုစုပေါင်း လေးနေရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃၇ ယောက် သေဆုံးကာ လက်နက်အများအပြား သိမ်းဆည်းရမိပြီး အေအေဘက်က ကျဆုံးဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
လက်ရှိ မြေပြင်အနေအထားအရ စစ်ကောင်စီတပ်တွေဟာ မောင်တောမြောက်ပိုင်း ကျေးရွာများရှိ နယ်ခြားစောင့်စခန်းတွေမှာ အင်အားဖြည့်တင်းထားပြီး စစ်တပ်ကိုပါ နေရာချထားကြောင်း ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “မီးတိုက်ကျေးရွာမှာ အရင်က နယ်ခြားစောင့်အင်အား ၂၀ လောက်ပဲရှိတာ။ အခုဆိုရင် နယ်ခြားစောင့်ရော စစ်တပ်ပါ အင်အား ၁၅၀ ကျော်လောက် တိုးချထားတယ်” လို့ ပြောပါတယ်။
အေအေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေး၊ ထိုးစစ်တွေကို မိတ်ဘက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့အစည်းများ၊ ရခိုင်ပြည်သူလူထု တရပ်လုံးနဲ့ ဟန်ချက်ညီညီ ပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမယ်လို့ တရားဝင် ကြေညထားပါတယ်။