မဟာမိတ်များကို ခေတ်မီလက်နက်များ မျှဝေပေးရန် အသင့်ရှိဟု သမ္မတပူတင်ပြော

ရုရှားအစိုးရဟာ လက်တင်အမေရိက၊ အာရှနဲ့ အာဖရိက နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တန်ဖိုးထားခဲ့ပြီး မဟာမိတ်တွေကို ခေတ်မီလက်နက်တွေ မျှဝေဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်နားက လက်နက်ပြပွဲတခုမှာ ပူတင်က ရုရှားရဲ့ ခေတ်မီလက်နက် စွမ်းရည်တွေကို ဂုဏ်ယူဝင့်ကြွားခဲ့ပြီး နည်းပညာကို စိတ်တူကိုယ်တူ နိုင်ငံတွေနဲ့ မျှဝေချင်တယ်လို့လည်း ကြေညာခဲ့ပါတယ်။
“ကျနော်တို့က မဟာမိတ်တွေကို ခေတ်အမီဆုံး လက်နက်အမျိုးအစားတွေဖြစ်တဲ့ လေကြောင်းနဲ့ မောင်းသူမဲ့ လေယာဉ်တွေကို တိုက်ဖျက်မယ့် လက်နက်ငယ်ကနေ သံချပ်ကာယာဉ်တွေ အမြောက်တွေအထိ အဆင်သင့်ဖြစ်နေပါပြီ” လို့ မော်စကိုမြို့နားက Army-2022 ဖိုရမ်ဖွင့်ပွဲ အခမ်းအနားမှာ ပူတင်က ပြောပါတယ်။
“သူတို့အားလုံးနီးပါးကို တကယ့် တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ တကြိမ်ထက်ပိုပြီး သုံးထားပါတယ်” လို့လည်း သူက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းဆီကို သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီးတဲ့နောက် ဆုံးရှုံးမှု အများအပြားကို ရင်ဆိုင်ခဲ့ရတာပါ။
စစ်ပွဲ ခြောက်လနီးပါးအကြာမှာ ပူတင်က ခုလိုပြောတာလည်း ဖြစ်ပါတယ်။
ရုရှားတပ်တွေနဲ့ လက်နက်တွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် အရင်က ရုရှားနည်းပညာကို မှီခိုနေရတဲ့ အိန္ဒိယလို အလားအလာရှိတဲ့ ဝယ်လက်တွေအတွက် ဆွဲဆောင်မှု နည်းသွားနိုင်တယ်လို့ အနောက်နိုင်ငံ စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။