close

စစ်တပ်က ချင်ပြစ်ရွာနှင့် လေးအိမ်စုကျေးရွာရှိ နေအိမ်များကို မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက ချင်ပြစ်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဩဂုတ် ၁၆ ရက် မနက်ပိုင်းမှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်‌က ယင်းမာပင်မြို့နယ် ရင်‌ပေါင်တိုင်ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဩဂုတ် ၁၄ ရက်မှာ ပုလဲမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့တပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ် ဒေသခံရွာသားတယောက်က “အဲဒီစစ်ကြောင်းထဲမှာ ရင်ပေါင်တိုင်ရွာကနေ ဓားစာခံ ဖမ်းခေါ်လာတဲ့ ပြည်သူ ၃၀ လောက်လည်း ပါတယ်ဗျ။ မနေ့ကတော့ မုံသွင်မှာ တပ်စွဲ ညအိပ်စခန်းချခဲ့တယ်။ ဒီနေ့မနက်ကျတော့ ချင်ပြစ်ရွာကို မီးရှို့နေတယ်ဗျ။ ရွာသားတွေကတော့ ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

အခု ချင်ပြစ်ရွာကို မီးရှို့နေတဲ့ စစ်တပ်ဟာ လက်ရှိ ချင်ပြစ်ရွာအတွင်းကနေ မထွက်ခွာ‌သေးဘဲ ချင်ပြစ်ရွာ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချင်ပြစ်ဒေသခံ အမျိုးသမီးတယောက်က “ကိုယ့်ရွာကို မီးရှို့နေတာကို အဝေးကနေ ကြည့်နေရတဲ့ ဘဝတွေရှင့်။ ဒီတိုက်ပွဲတွေက ဘယ်တော့ပြီးဆုံးကြမှာလဲ။ စစ်ကောင်စီက မီးရှို့၊ သတ်ဖြတ်တာတွေ ကျမတို့ဒေသခံတွေအပေါ် လုပ်နေတာ ခံနေရတာ များလှပါပြီရှင်။ စစ်ကောင်စီလာတိုင်း ထွက်ပြေးနေရတာ ပြည်သူတွေ၊ ဒုက္ခတွေက မနည်းပါဘူးရှင်။ မိုးကလည်းရွာတော့ ပိုဆိုးပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အကူအညီတွေလည်း များစွာလိုအပ်နေပြီး အိမ်ရာမဲ့ဖြစ်ရတာကြောင့် ရူးသွပ်သွားသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လေးအိမ်စုကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဩဂုတ် ၁၆ ရက် မနက်ပိုင်းကစတင်ပြီး မီးရှို့ဖျက်ဆီး‌နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးအိမ်စုကျေးရွာမှာ အိမ်ခြေ ၂၀၀‌ ဝန်းကျင်ရှိပြီး လူဦးရေ ၈၀၀ ဝန်းကျင် နေထိုင်ကာ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လေးအိမ်စုကျေးရွာက စစ်ဘေးရှောင် ဒေသခံတယောက်က “စစ်ကြောင်းက ထိုးတယ်။ တခါမှ မီးမရှို့ဖူးဘူး။ ဒီတခါ ပထမဆုံးအကြိမ် မီးရှို့ခံရတာ။ ကျမတို့ကတော့ ပြေးနေကြရတယ်။ မီးခိုးတွေ မြင်ရသလောက်ဆို တော်တော်များနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံနေအိမ် ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးပြီး တင်သားအုပ်စုထဲက ရေရှင်ကျေးရွာကတော့ ကျေးရွာရဲ့ စာသင်ကျောင်းနဲ့ ဆေးခန်းပါမကျန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံထားရကာ‌ ‌ဒေသခံတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကလေးနယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၅ လဝန်းကျင် ရှိနေပြီဖြစ်ပြီး ကလေးမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

//
Up