close

ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေ

ရန်ကုန်တိုင်းအတွင်း  မြို့နယ်တချို့မှာ  ဩဂုတ် ၁၇ ရက် ဒီနေ့ မနက်ပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ရေကြီးလျှံနေတယ်လို့   မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊  မရမ်းကုန်း စတဲ့ မြို့နယ်တွေမှာ ရေကြီးနေတာဖြစ်ပါတယ်။

ရွှေပေါက်ကံမှာ နေသူတစ်ဦးက “မနက်ကတည်းက ရွာတဲ့မိုး အခုချိန်ထိမတိတ်ဘူး။ အိမ်ထဲအထိ ရေဝင်နေလို့  ပစ္စည်းတွေ ရွှေ့နေရတယ်” လို့ ပြောပါတယ်။

အလားတူ ကမ္ဘာအေးဘုရားလမ်းမကြီးမှာလည်း ကားလမ်းမအထိရေတက်လို့ YBS ဘတ်စ်ကားတွေ မောင်းနေစဥ် ရေတွေက ခြေနင်းခုံအထိ ဝင်တယ်လို့ ခရီးသည်တစ်ဦးက ပြော ပါတယ်။

“ဒီတခါရေတက်တာ အတော်ဆိုးတယ်။  YBS ယာဥ်ပေါ်တောင် ရေကမောင်းနေရင်းဝင်တာ အလုပ်ထဲမှာ လဲဖို့ အဝတ်အပိုထည့်လာရတယ်။  မိုးကလည်းအရမ်းရွာနေတာ။” 

ဒီညနေပိုင်းအထိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အနီးတဝိုက်မှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး လာမယ့် နှစ်ရက်အတွက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုမိုရွာသွန်းဖို့ ရှိတယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

//
Up