ပါကစ္စတန်တွင် ယာဉ် ၂ စီးတိုက်မိပြီး လူ ၂၀ ခန့် သေဆုံး

ပါကစ္စတန်အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်ရဲ့ ဂျာလားပူရ် ပီးဝါလာ ခရိုင်အနီးမှာ ခရီးသည်တင် ဘတ်စ်ကားတစီး လောင်စာဆီသယ်ယာဉ်နဲ့ တိုက်မိခဲ့ပြီး အနည်းဆုံး လူ ၂၀ လောက် မီးလောင်သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
သတင်းတွေအရ ဩဂုတ် ၁၆ ရက် မနက်အစောပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ကာ ယာဉ်နှစ်စီးလုံး မီးလောင်ခဲ့ပြီး ခရီးသည် ၁၈ ယောက် အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပါတယ်။
အဲဒီနောက် မော်တော်ယာဉ် လမ်းစည်းကမ်းရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။
ကယ်ဆယ်ရေးအတွင်း ဒဏ်ရာရရှိသူ ၈ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ပြီး သူတို့ထဲက ၂ ယောက်ဟာ ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဘတ်စ်ကား အပျက်အစီးတွေထဲကနေ လူသေအလောင်း ၁၈ လောင်းကို ထုတ်ယူရရှိထားတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းတယောက်နဲ့ ယာဉ်နောက်လိုက်အကူတယောက် အပါအဝင် လူ ၂၆ ယောက်ဟာ ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော် လာဟိုးကနေ နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ ကရာချိကို ဘတ်စ်ကားနဲ့ ခရီးသွားနေတာဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက မီဒီယာတွေကို ပြောပါတယ်။
ပါကစ္စတန်မှာ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အဓိကအားဖြင့် ထိန်းသိမ်းမှုညံ့ဖျင်းတဲ့ မော်တော်ယာဉ်တွေ၊ ပျက်စီးနေတဲ့ လမ်းတွေနဲ့ လမ်းဘေးကင်းရေး အစီအမံတွေ ပေါ့ဆမှုကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။