ဆားဘီးယားနှင့်ဆက်ဆံရေး ပိုဆိုးလာပါက ကိုဆိုဗိုရှိ နေတိုးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်မည်

အိမ်နီးချင်း ဆားဘီးယားနဲ့ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ရင် ကိုဆိုဗိုမှာရှိတဲ့ နေတိုးရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်သွားမယ်လို့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲက ဩဂုတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
“အခု ကျနော်တို့မှာ သိသာထင်ရှားတဲ့ မစ်ရှင်တခုအနေနဲ့ ကိုဆိုဗိုမှာ တပ်ဖွဲ့ဝင်အင်အား လေးထောင် နီးပါးရှိနေပါပြီ” လို့ ကိုဆိုဗိုဝန်ကြီးချုပ် အယ်ဘင်ကာတီနဲ့ ဆွေးနွေးအပြီး ဘရပ်ဆဲလ်မြို့က သတင်းစာရှင်းလင်းပွဲမှာ နေတိုးအကြီးအကဲ ယန်းစတော့တန်ဘာ့ဂ်က ပြောပါတယ်။
ကိုဆိုဗိုအစိုးရဟာ ဘယ်လ်ဂရိတ်အစိုးရက ကျောထောက်နောက်ခံပြုပြီး ကိုဆိုဗို အဖွဲ့အစည်းတွေကို အသိအမှတ်မပြုတဲ့ မြောက်ဘက်ပိုင်းမှာနေတဲ့ ဆာ့ဘ်တွေအနေနဲ့ ကိုဆိုဗိုအစိုးရက ထုတ်ပေးတဲ့ ကားလိုင်စင်နံပါတ်ပြားတွေကို စသုံးဖို့ တောင်းဆိုလို့ ဆားဗီးယားနှင့်ကိုဆိုဗိုအကြား အခြေအနေ တင်းမာခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ ဖိအားတွေနဲ့ နံပါတ်ပြားစည်းမျဉ်းကို စက်တင်ဘာ ၁ ရက်အထိ ရွှေ့ဆိုင်းဖို့ သဘောတူခဲ့ပြီး ဆာ့ဘ်တွေက တည်ဆောက်ထားတဲ့ လမ်းပိတ်ဆို့မှုတွေကို ဖယ်ရှားရာမှာ နေတိုး ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေက ကြီးကြပ်ခဲ့ပါတယ်။
ကိုဆိုဗိုဟာ ဖိနှိပ်ချုပ်ချယ်တဲ့ ဘယ်လ်ဂရိတ်အစိုးရရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပြောက်ကျား အုံကြွမှုအပြီး ဆယ်စုနှစ်တခုနီးပါးအကြာ ၂၀၀၈ ခုနှစ်မှာ ဆားဘီးယားဆီက လွတ်လပ်ရေး ရခဲ့ပါတယ်။
ဆားဘီးယားဟာ ကိုဆိုဗိုကို သူ့နယ်မြေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် တရားဝင် မှတ်ယူနေဆဲပါ။
ဒီနေရာမှာ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေကို တွန်းလှန်ဖို့ ငြင်းဆိုထားပြီး ကိုဆိုဗိုအစိုးရဟာ လူနည်းစု ဆာ့ဘ်တွေရဲ့ အခွင့်အရေးတွေကို နင်းချေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ကိုဆိုဗိုလူဦးရေ ၁ ဒသမ ၈ သန်းရဲ့ ၅ ရာခိုင်နှုန်းဟာ ဆာ့ဘ်လူမျိုးတွေဖြစ်ပြီး ၉၀ ရာခိုင်နှုန်းက အယ်လ်ဘေးနီးယန်းလူမျိုးတွေလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။