တရုတ်နိုင်ငံတွင် မိုးခေါင်ပြီး စိုက်ပျိုးမြေဧက ၂ သန်းခန့် ပျက်စီး

တရုတ်နိုင်ငံ၊ အန်းဟွေပြည်နယ်၊ တန်းထူမြို့နယ်မှာ မိုးခေါင်လို့ မြစ်တွေ၊ လယ်ကွင်းတွေ ခြောက်သွေ့နေတဲ့ အခြေအနေကို အစိုးရရုပ်သံ CCTV က ဩဂုတ် ၁၈ ရက်မှာ ထုတ်လွှင့်ပြသပါတယ်။
ယန်ဇီမြစ်ကြောင်းတလျှောက် ဆိုးရွားပြင်းထန်တဲ့ မိုးခေါင်တဲ့ အခြေအနေဟာ စက်တင်ဘာလထိ ကြာနိုင်တယ်လို့ အစောပိုင်းက တရုတ်အစိုးရက သတိပေးထားပါတယ်။
ဆောင်းရာသီ စိုက်ပျိုးချိန်မတိုင်ခင် ကောက်ပဲသီးနှံတွေကို ရေပေးသွင်းဖို့ လျှပ်စစ်နဲ့ ရေချိုရရှိရေး ဒေသန္တရအစိုးရတွေက ကြိုးစားနေပါတယ်။
ဆန်နဲ့ တခြား ဆောင်းသီးနှံတွေဟာ ခုတော့ ရေသွင်းဖို့ အတိမ်းအစောင်းမခံတဲ့ အချိန်ပိုင်းကို ရောက်နေပြီလို့ ရေအရင်းအမြစ်ဝန်ကြီးဌာန အရာရှိတယောက်က ဩဂုတ် ၁၇ ရက်မှာ သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ကနေ အလယ်ပိုင်း အန်းဟွေပြည်နယ်အထိ မိုးခေါင်လို့ စိုက်ပျိုးမြေ ဧက ၂ သန်းလောက် ပျက်စီးခဲ့ပြီး လူအယောက် ၈၃၀,၀၀၀ နဲ့ မွေးမြူရေး တိရစ္ဆာန်ကောင်ရေ ၁၆၀,၀၀၀ လောက် ထိခိုက်ခဲ့တယ်လို့ အရာရှိက ပြောပါတယ်။
ယန်ဇီမြစ်ဝှမ်းဒေသ မိုးရေချိန်ဟာ ဇူလိုင်လတည်းက ပုံမှန်ထက် ၄၅ ရာခိုင်နှုန်း ပိုနည်းနေပြီး နောက်ထပ် သီတင်းတပတ်ထက်မနည်း ဆက်ပြီး အပူချိန်မြင့်နေမယ့် အလားအလာ ရှိတယ်လို့ မိုးလေဝသ တရားဝင်ခန့်မှန်းချက်က ဆိုထားပါတယ်။