close

မောင်တော-အငူမော်လမ်းပိတ်ထားသဖြင့် ဘူးသီးတောင်-စစ်တွေ အမြန်ရေယာဥ်တိုးချဲ့ ပြေးဆွဲနေရ

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်လမ်းကို သြဂုတ် ၁၈ ရက်အထိ ပြန်မဖွင့်သေးတာကြောင့် ဘူးသီးတောင်-စစ်တွေသွားတဲ့ အမြန်ရေယာဥ် နှစ်စီးအထိ ပြေးဆွဲပေးနေရတယ်လို့ ရွှေပြည်တန် အမြန်ရေယာဥ် တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ခရီးသည်များတာကြောင့် မနေ့က စစ်တွေက ရွှေပြည်တန် နှစ်စီး ထွက်​ပေးရတယ်။ ဒီနေ့ ဘူးသီးတောင်ကလည်း နှစ်စီး လူအပြည့် စစ်တွေကို တက်လာတယ်။”

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် မနက် ၈ နာရီကျော်က အငူမော်-မောင်တော ကားလမ်းရှိ ရသေ့တောင်မြို့နယ် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် မောင်တော-အငူမော်-စစ်တွေ ခရီးသွားလာခွင့် အကန့်အသတ်မရှိ ပိတ်ထားလိုက်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်သွားပါတယ်။

ဒါ့ကြောင့် ပုံမှန်ခရီးသွားတွေရော  ကျန်းမာရေးအရ စစ်တွေကို အရေးပေါ်ဆေးကုသဖို့ သွားရောက်မယ့်သူတွေပါ အခက်တွေ့နေကြပါတယ်။

ခရီးသွားပြည်သူတယောက်က “အငူမော်လမ်းကဆို ကားနဲ့ သက်တောင့်သက်သာ သွားနိုင်တယ်။ အချိန်တိုအတွင်း ခရီးရောက်တယ်။ နေထိုင်မကောင်းသူတွေအတွက် အဆင်ပြေတယ်။ အမြန်ရေယာဥ်ကျတော့ တနေကုန်စီးရတာလေ။ ဒီနေ့ထွက်တဲ့ နှစ်စီးမှာ လူအပြည့်ပဲ။ ထိုင်ခုံမရလို့ ကြားခုံတွေနဲ့ ထိုင်လိုက်ရတယ်” လို့ ပြောပါတယ်။

အခုရက်အတွင်းရာသီဥတုအခြေအနေ ဆိုးရွားနေပေမဲ့ သြဂုတ် ၁၈ ရက်က ဘူးသီးတောင်ကနေထွက်လာတဲ့ ရွှေပြည်တန်အမြန်ရေယာဉ် ၂ စီးကတော့ လေပြင်းတိုက်ခတ်မှုဒဏ်ကိုမခံရဘဲ စစ်တွေသို့ မွန်းလွဲ ၂ နာရီမှာ ဆိုက်ရောက်ရှိသွားခဲ့တယ်လို့ ရွှေပြည်တန်အမြန်ရေယာဥ်တာဝန်ရှိသူတွေထံက သိရပါတယ်။

ရွှေပြည်တန်အမြန်ယာဥ်က စစ်တွေကနေ ဘူးသီးတောင်မြို့ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၃ ရက်တည်း ပြေးဆွဲနေတဲ့အတွက် ခရီးသည်များပြားပြီး အမြန်ရေယာဥ် နှစ်စီးအထိ ပြေးဆွဲပေးနေရတာလည်း ဖြစ်ပါတယ်။

//
Up