close

ပြင်သစ် ကော်ဆီကာကျွန်းတွင် အင်အားပြင်းမုန်တိုင်းကြောင့် အနည်းဆုံး ၆ ဦး သေဆုံး

ပြင်သစ်နိုင်ငံ မြေထဲပင်လယ်ထဲရှိ တောင်ထူထပ်တဲ့ ကော်ဆီကာကျွန်းမှာ သြဂုတ် ၁၈ ရက်က အင်အားပြင်း မုန်တိုင်းတလုံး ဝင်ရောက်တိုက်ခတ်မှုကြောင့် ဆယ်ကျော်သက် မိန်းကလေးတယောက် အပါအဝင် အနည်းဆုံး လူခြောက်ယောက် သေဆုံးသွားခဲ့ပြီး နောက်ထပ် ရာသီဥတု ပိုဆိုးလာနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးတွေကြွေ၊ တနာရီကို မိုင် ၁၄၀ နှုန်းနဲ့ တိုက်ခတ်တဲ့ လေပြင်းဟာ ကျွန်းကို သြဂုတ် ၁၈ ရက်နေ့အစောပိုင်းမှာ တိုက်ခတ်ခဲ့တာဖြစ်ပြီး စခန်းတွင်း သစ်ပင်လဲကျမှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့တာပါ။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျယ်ဟာ့ဒ် ဒါးမာနန်က ပျက်စီးဆုံးရှုံးမှုတွေကို စစ်တမ်း ကောက်ယူခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဒီအကျပ်အတည်းကို တုံ့ပြန်ဖို့ ဩဂုတ် ၁၈ ရက် ညနေပိုင်းမှာ ဗွီဒီယိုကွန်ဖရင့်စ်နဲ့ အရေးပေါ် အစိုးရအစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အစည်းအဝေးမှာ  ဒါးမာနန်က လေပြင်းတိုက်ခတ်မှုကြောင့် လူ ၂၀ လောက် ဒဏ်ရာရခဲ့ပြီး သူတို့ထဲက လေးယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

အပျော်စီးလှေတွေ တိမ်းမှောက် မျောပါသွားတာကြောင့် တနေရာတည်းက လူပေါင်း ၃၅၀ လောက် ပျောက်ဆုံးနေကြောင်း သတင်းရရှိခဲ့ပေမဲ့ အခုတော့ သူတို့အားလုံးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

မုန်တိုင်းရဲ့ တည်နေရာ အတိအကျကို ခန့်မှန်းရခက်ကြောင်း ပြောထားတဲ့ ပြင်သစ် မိုးလေဝသဌာနက မုန်တိုင်း ကြိုတင်သတိပေးချက် မထုတ်ပြန်ခဲ့ပါဘူး။

ကျွန်းပေါ်ကို လေပြင်းစတင်တိုက်ခတ်လာချိန်မှာတော့ ချက်ချင်း အကျိုးသက်ရောက်မှုအဖြစ် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

//
Up