မြန်မာတဦးနှင့်ဆက်စပ်သည့်မူးယစ်ဂိုဏ်းကို ထိုင်းရဲစီးနင်းပြီး ဘတ်သန်းပေါင်း ၄၀၀ နီးပါး သိမ်းဆည်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မြန်မာနိုင်ငံသား တယောက်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၄၀၀ နီးပါးကို သွားရောက်စီးနင်း သိမ်းဆည်းလိုက်တယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ဩဂုတ် ၁၉ ရက်မှာ သတင်းစာရှင်းလင်း ပြောပါတယ်။
ဒီကနေ့စီးနင်းမှုဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်နဲ့ တာ့ခ်ခရိုင်ဘက်ကနေ ဝင်လာတဲ့ မူးယစ်မှု ၈ မှုနဲ့ ဆက်စပ်နေကြောင်း၊ အဆိုပါ ၈ မှုကနေ စိတ်ကြွဆေးအလုံးရေ ၂၂ သန်း၊ အိုက်စ်ဆေး အလေးချိန် ကီလိုဂရမ် ၄၀၀ မှ ၅၀၀ ထိ ဖမ်းဆီးရမိကာ အဓိကတရားခံမှာ မင်းမင်းဦးဆိုသူ မြန်မာနိုင်ငံသားဖြစ်တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲချုပ် ဆမ်ရန်း နွန်းမားက ပြောပါတယ်။
မင်းမင်းဦးနဲ့ ဆက်စပ်နေတဲ့ မူးယစ်ဂိုဏ်းထဲမှာ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်ပြီး အဓိကညွှန်ကြားသူမှာ လာအိုနိုင်ငံထဲမှာရှိကြောင်း၊ ဒီကနေ့ သွားရောက်စီးနင်းခဲ့တဲ့ ဘန်ကောက်က အဆင့်မြင့်တိုက်အိမ်ပိုင်ရှင်ကတော့ တရုတ်လူမျိုးဖြစ်ပြီး သူလည်း လောလောဆယ် ထိုင်းမှာမရှိဘဲ တရုတ်ပြည်ရောက်နေတယ်လို့ ဆိုပါတယ်။
မူးယစ်ရဲတပ်ဖွဲ့၊ နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ တရားရုံးက ဝရမ်းစာနဲ့အတူ ဘန်ကောက်၊ ပရဝေ့ချ်နယ်မြေ၊ နောင်ဘွန်းရပ်ကွက်၊ ဆရီနတ်ခလင်းအဆင့်မြင့်အိမ်ရာရှိ တန်ဖိုးကြီး တိုက်အိမ် ၃ လုံးနဲ့ တခြားရပ်ကွက်ရှိ ကွန်ဒိုမီနီယံတိုက်ခန်းတွေ အပါအဝင် စုစုပေါင်း နေရာ ၁၃ ခုကို သွားရောက်စစ်ဆေး သိမ်းဆည်းခဲ့ပါတယ်။
တန်ဖိုးကြီးတိုက်အိမ် ၃ လုံးအနက် ၂ လုံးကို အိမ်ငှားထားကြောင်း၊ အိမ်ငှားနေသူတွေမှာလည်း နောက်ထပ် ကွန်ဒိုမီနီယံ ၉ ခု ပိုင်ဆိုင်ထားတာ စစ်ဆေးတွေ့ရှိသလို မီးခံသေတ္တာထဲကငွေနဲ့ ဘဏ်ငွေစုစာအုပ် ၁၂ အုပ်ထဲက ငွေပေါင်း ဘတ်ငွေ ၇၂ သန်း တွေ့ရှိတဲ့အတွက် လိုအပ်သလို ဆက်လက်စုံစမ်းဖို့ သက်ဆိုင်ရာက သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် တိုက်အိမ်တလုံးကတော့ နေထိုင်သူ မရှိပါဘူး။ အဆိုပါ တိုက်အိမ် ၃ လုံးမှာ ၁ လုံးကို ကာလတန်ဖိုး ဘတ်သန်းပေါင်း ၅၀ မှ ၇၀ ကြားရှိတာကြောင့် နေအိမ် ၃ လုံးတန်ဖိုး ဘတ်သန်းပေါင်း ၁၈၀ လောက်ရှိမယ်လို့ ဆိုပါတယ်။
မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့အနေနဲ့ ဒီကနေ့ နေရာပေါင်း ၁၃ ခုကနေ ပိုင်ဆိုင်မှုပမာဏ ဘတ်သန်းပေါင်း ၃၈၅ သန်းကို သိမ်းဆည်းထားပြီး အဆိုပါမူးယစ်ဂိုဏ်းရဲ့ ငွေလည်ပတ်မှု၊ ပိုင်ဆိုင်မှုအားလုံး ဘတ်သန်း ၁,၀၀၀ ကျော်မယ်လို့ ခန့်မှန်းကြောင်း၊ ဒါကြောင့် ကွင်းဆက်တွေကို ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုးကား- DailyNews/ThaiPBS/Matichon