close

ဆူဒန်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့က လူစုခွဲ

ဆူဒန်နိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာက မြို့တော် ခါတွမ်မြို့ဆီကို ဩဂုတ် ၁၈ ရက်က ချီတက်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ပိတ်ဆို့ လူစုခွဲခဲ့ပါတယ်။

ဆူဒန်မှာ မနှစ် အောက်တိုဘာ ၂၅ ရက်က စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၁၀ လကြာနေပါပြီ။

ခါတွမ်မြို့မှာ ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီက ဒီဆန္ဒပြပွဲကို စီစဉ်တာဖြစ်ပြီး သြဂုတ် ၂၄ ရက်နေ့ကျရင် အထွေထွေသပိတ်အထိ အရှိန်မြှင့်သွားမယ်လို့ ဆိုပါတယ်။

သပိတ်ကော်မတီရဲ့ကြေညာချက်မှာ တောင်းဆိုချက်တွေ မရမချင်း ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ် ၁၈ ရက် ဆန္ဒပြပွဲမှာ လူထောင်ချီပါဝင်ခဲ့ပြီး လေဆိပ်နဲ့ ၂ မီတာလောက်အကွာ ဆန္ဒပြနေစဉ်မှာ မလှမ်းမကမ်းမှာ စစ်သားတွေ အင်အားအပြည့်ချထားတာကိုလည်း တွေ့ရပါတယ်။

ဆူဒန်မှာ အာဏာသိမ်းလိုက်တာကြောင့် စစ်တပ်နဲ့ အရပ်သားညွန့်ပေါင်းတွေကြားက အာဏာခွဲဝေရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပျက်စီးခဲ့ရပါတယ်။

ဆန္ဒပြပွဲတွေ လချီကြာနေတဲ့ အချိန်အတွင်းမှာ အနောက်တိုင်းသံတမန်တွေက ကြားဝင် ဆောင်ရွက်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကလည်း တိုးတက်မှုမရသေးဘဲ နိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေး ဆုတ်ယုတ်ရပ်တန့်နေတဲ့ အခြေအနေမှာပဲ ဆက်ရှိနေပါတယ်။

//
Up