ယင်းမာပင်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် အိမ်ခြေ ၁၀၀၀ ခန့် ဆုံးရှုံး

ယင်းမာပင်မြို့နယ် ကပိုင်နဲ့ က/သီးကုန်းရွာတို့ကို စစ်ကောင်စီတပ်တွေက မနေ့ကနေ အခုအချိန်ထိ မီးရှို့နေတာကြောင့် အိမ်ခြေ ၁၀၀၀ လောက် ဆုံးရှုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ တပ်သား ၂၀၀ လောက်ဟာ မနေ့ညနေ ၃ နာရီလောက်မှာ ရောက်ရှိလာလို့ ရွာသားတွေအားလုံး ထွက်ပြေးခဲ့ကြရတာပါ။
"မနေ့က မိုးလေးကရွာတော့ သိပ်မလောင်ခဲ့ဘူး။ ဒီနေ့ လင်းကတည်းက စရှို့တာ။ ပြီးတော့ နေ့လယ်က ခဏနားတယ်။ ခု လောလောလတ်လတ်ကို ရှို့နေတာ" လို့ ကပိုင်ရွာ ဒေသခံတယောက်က ညနေ ၄ နာရီ အချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။
ကပိုင်နဲ့ က/သီးကုန်းရွာတို့ဟာ နီးကပ်ဆက်စပ်နေတဲ့ ရွာတွေဖြစ်ပြီး အိမ်ခြေ ၁၇၀၀ လောက်ရှိတာမှာ အခုတော့ အိမ်ခြေ ၁၀၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီလို့လည်း သူက ခန့်မှန်းပါတယ်။
"မနေ့က သူတို့ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်တော့ လေးနေရာလောက် လောင်တယ်။ အိမ်နှစ်အိမ်ကိုလည်း မီးရှို့တယ်။ ဒီနေ့ ရှို့တာမှာတော့ တွေ့ရသလောက် ၆၀ ရာခိုင်နူန်းလောက် ကုန်ပြီ။ ဝင်လို့လည်းမရ။ ငြှိမ်းလို့လည်း မရဘူး။ ထိုင်ကြည့်နေရတယ်။"
ရွာသားတွေဟာ အနီးအနား တောတောင်တွေထဲက သူတို့ရဲ့ လယ်တဲတွေမှာ တိမ်းရှောင်နေထိုင်ကြတာပါ။
ရွာက ဘုန်းကြီးပါမကျန် တိမ်းရှောင်နေတာဖြစ်ပြီး မပြေးလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ပဲ ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီကိုရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို လေကြောင်းကရော မြေပြင်မှာပါ ဒေသခံ အများအပြားကို သတ်ဖြတ်ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သူတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။