close

တန့်ဆည်နှင့်ကနီတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျဆုံးများပြား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ကနီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံး များတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

တန့်ဆည်မြို့နယ် ဝရငယ်မူးဘောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ တန့်ဆည် PDF တို့ ဒီနေ့ဩဂုတ် ၁၉ ရက်နေ့ မနက် ၈ နာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တန့်ဆည် PDF ရဲဘော်တဦးက ပြောပါတယ်။‌

“ကျနော်တို့ မနက်ခင်းတိုက်ပွဲကတော့ မျက်နှာချင်းဆိုင်တိုက်ပွဲလို့ ပြောရမယ်ဗျ။‌ ကျနော်တို့ကတော့ အထူးကွန်မန်ဒိုနဲ့  ပြောက်ကျားစနစ်ကို အသုံးပြုတိုက်ခဲ့တယ်။ စခတွေဘက်က အကျအဆုံး ၁၃ ဦး‌ကျော်တယ်လို့တော့ သတင်းပေးချက်အရ သိထားရတယ်။” 

ဝရငယ်ရွာကနေ မူးဘောင်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တန့်ဆည် PDF တပ်ရင်း ၆ နဲ့ တပ်ရင်း ၇ တို့က လက်နက်ငယ်တွေပစ်ခတ်ခဲ့သလို လက်နက်ကြီး  ၁၂ လုံးနဲ့ ထိထိရောက်ရောက် ပစ်ခတ်ခဲ့ကြတာကြောင့် စစ်ကောင်စီဘက်က မွန်းလွဲ ၃ နာရီလောက်မှာ သေဆုံး၊ ဒဏ်ရာရသူတွေကို ‌Faw ကားတစီးနဲ့ လာတင်ပြီး တန့်ဆည်မြို့မရဲစခန်းကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အထက်ကင်းနဲ့ မိချောင်းတွင်းကြားမှာ စစ်ကောင်စီတပ်နဲ့ ကနီ‌ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ ဒီနေ့ ညနေ ၄ နာရီက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နေ့ကလည်း  အဆိုပါစစ်တပ် ပစ်ခတ်မှုကြောင့် ကင်းရွာက အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သလို နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ကြတယ်လို့ မိချောင်းတွင်း ဒေသခံပြည်သူတဦးက ပြောပါတယ်။

“ရွာကနေ ထွက်သွားပြီး အထက်ကင်းရွာကို ဝင်တယ်။ အဲဒီရွာကအိမ်တွေလည်း ထပ်ပြီး မီးရှို့တယ်။ ညနေပိုင်းရောက်တော့ အထက်ရွာကနေ မိချောင်းတွင်းရွာဘက်အထွက်မှာ တိုက်ပွဲဖြစ်နေကြတယ်။ လက်နက်သံတွေကတော့ အဝေးကနေ အတိုင်းသားကြားနေရတယ်။”

စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်၊ မင်းကင်းမြို့၊ ရေဦးမြို့နယ် စတဲ့ သုံးပွင့်ဆိုင် ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်အင်းအားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

//
Up