close

မန်ယူရခဲ့သည့် ဒုတိယဂိုး လူကျွံဘောဖြစ်ဟု လီဗာပူးနည်းပြကလော့ပ် ဝေဖန်

မန်ယူနိုက်တက်အသင်းရရှိခဲ့တဲ့ ဒုတိယမြောက်သွင်းဂိုဟာ လူကျွံဘောဖြစ်ပြီး လက်ခံဖို့ခက်ခဲကြောင်း လီဗာပူး နည်းပြကလော့ပ်က ဝေဖန်သွားပါတယ်။

လီဗာပူးအသင်းဟာ ဒီနေ့ မနက်ပိုင်းက အိုးထရတ်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီး ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။

ပွဲအပြီး စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာတော့ မန်ယူအသင်းရရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ဒုတိယဂိုးနဲ့ ပတ်သက်ပြီး ကလော့ပ်ကဝေဖန်ခဲ့တာပါ။

ရက်ဖို့ဒ်ရဲ့ဒုတိယဦးဆောင်ဂိုးဟာ လူကျွံဘောဖြစ်၊ မဖြစ် VAR နဲ့ သေချာ စစ်ဆေးပြီးမှ အတည်ပြုခဲ့တာဖြစ်ပေမဲ့ နည်းပြကလော့ပ်ကတော့ လူကျွံဘောဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။ 

“ပွဲကိုထိန်းချုပ်ရမှာဖြစ်ပေမဲ့ လိုအပ်သလို မလုပ်ဆောင်နိုင်ခဲ့ဘူး။ သူတို့ရဲ့ တန်ပြန်တိုက်စစ်ကနေ ခြိမ်းခြောက်မှုတွေက ခက်ခဲခဲ့တယ်။ ဒုတိယဂိုးက လက်ခံဖို့ခက်ခဲတယ်။ ဒါက လူကျွံဘောပါ။ အဲဒီဂိုးနဲ့ပတ်သက်ပြီး လုပ်စရာရှိတာဆက်လုပ်သွားရမှာပါ။ ကျနော်တို့မှာ စီနီယာ ကစားသမားတွေ ဒဏ်ရာရနေတယ်။ တကယ်တော့ ဒီလိုပွဲက နိုင်သင့်တဲ့ပွဲပါ။ ဒါက ယုတ္တိမကျဖြစ်နိုင်ပေမဲ့ ကျနော့်အမြင်ကိုပြောတာပါ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။ 

လီဗာပူးအသင်းဟာ ပရီးမီးယာလိဂ်အဖွင့် ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့လို့ နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာလက်ထက် ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

//
Up