close

ပလက်ဝတွင် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းထိပြီး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှာ သြဂုတ် ၂၄ ရက် မနက်ပိုင်းက  အမျိုးသမီးတဦး မြေမြှုပ်မိုင်းထိပြီး သေဆုံးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒေါ်နန်းလောင်ခမ်း (၄၃ နှစ်) ဖြစ်ပြီး သြဂုတ် ၂၁ ရက်ကတည်းက ရွာအနီးရှိ တောင်မှာ မျှစ်သွားခူးရင်း ပျောက်ဆုံးနေတဲ့ ခင်ပွန်းဖြစ်သူ အဘောင်သား မူလွန်ကျောင်းအုပ် ဦးခိုင်အေးကို တယောက်တည်း သွားရောက်ရှာဖွေရာမှ မြေမြှုပ်မိုင်းထိပြီး သေးဆုံးသွားတာလို့ ကျေးရွာသားတယောက်က ပြောပါတယ်။

“ရွာက ကျောင်းအုပ်ဆရာကြီးက သြဂုတ်လ ၂၁ ရက်နေ့ကတည်းက မျှစ်သွားခူးမယ်ဆိုပြီး ဟင်းရှာထွက်သွားတာလို့ သိရတယ်။ ဒီနေ့အထိ ၃ ရက်ကြာတဲ့တိုင် အိမ်ကို ပြန်ရောက်မလာတာကြောင့် မိန်းမဖြစ်သူက တယောက်တည်း သွားရှာတာပါ။ မနက်က ၈ နာလောက်မှာ ရွာနဲ့ တဖာလုံခန့်လောက်က ချောင်းတဖက်ကမ်းမှာ သူ့ကို မိုင်းထိဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တာပါ။ ခြေကတော့ နှစ်ဖက်လုံးပြတ်သွားတယ်။ ခန္ဓာကိုယ်မှာလည်း တခြားဒဏ်ရာတွေက အများကြီးပဲ။”

​လက်ရှိအချိန်မှာ အဘောင်သားကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် (အေအေ) တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပျောက်ဆုံးနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးခိုင်အေးကိုလည်း သွားရောက်ရှာဖွေနိုင်ခြင်း မရှိသေးဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ဦးခိုင်အေးနဲ့ သေဆုံးသွားတဲ့ ဒေါ်နန်းလောင်ခမ်းတို့မှာ အလယ်တန်းကျောင်းသား နှစ်ယောက်နဲ့ ၆ နှစ်အရွယ် သမီးကလေးတယောက် ရှိတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား သြဂုတ်လအတွင်း နေ့တိုင်းဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူတွေနဲ့ အဘောင်သားကျေးရွာအနီးက တောင်တန်းတွေကို ပစ်ခတ်နေတာတွေ ရှိတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

//
Up