close

ယူကရိန်း လွတ်လပ်ရေးနေ့ အခမ်းအနား ရုရှားရန်ကြောင့် နိုင်ငံတွင်း မဆင်နွှဲနိုင်

ယူကရိန်းနိုင်ငံရဲ့ ၃၁ နှစ်ပြည့် လွတ်လပ်ရေးနေ့ဖြစ်တဲ့ သြဂုတ် ၂၄ ရက်မှာ ယူကရိန်းနိုင်ငံတဝန်းရှိ မြို့ကြီးတွေက လမ်းတွေမှာ လူသူကင်းမဲ့နေခဲ့ပေမဲ့ နိုင်ငံရပ်ခြားရှိ ယူကရိန်းအသိုင်းအဝိုင်းတွေနဲ့ အစိုးရတွေကတော့ ဂုဏ်ပြုပွဲတွေနဲ့ ထောက်ခံပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ယူကရိန်းမှာတော့ ရုရှားနိုင်ငံကနေ နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်လာနိုင်ကြောင်း စိုးရိမ်မှုတွေကြားမှာ အာဏာပိုင်တွေက ညမထွက်ရအမိန့်တွေ ချမှတ်ထားတာကြောင့် ရှေ့တန်းမြို့ကြီးတွေ ဖြစ်ကြတဲ့ ခါကိဗ်နဲ့ မိုင်ကိုလေ့ဗ်တို့ရဲ့ လမ်းမတွေပေါ်မှာ ရဲကင်းလှည့်ကားတွေကလွဲလို့ ဘာမှမရှိ နတ္ထိဖြစ်နေတာပါ။

ဂရိနိုင်ငံ အေသင်မြို့တော်နဲ့ ဂျာမနီက ဘာလင်တို့မှာ‌ လူရာနဲ့ချီ ယူကရိန်းအလံတွေ ကိုင်ဆောင်ပြီး မြို့တွင်းလမ်းတွေပေါ်မှာ ချီတက်ခဲ့ကြပါတယ်။

လစ်သူယေးနီးယားနိုင်ငံ မြို့တော် Vilnius မှာ ယူကရိန်းလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။

ဘရပ်ဆဲလ်မြို့ ပင်မရင်ပြင်မှာ ဥရောပသမဂ္ဂကော်မရှင်နာ အာဆူလာ ဖွန် ဒယ်ရ် လေယန်က ယူကရိန်းအလံကြီးကို လွှင့်တင်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေတဆင့် ယူကရိန်းကို ဝမ်းမြောက်ကြောင်းနဲ့ ထောက်ခံကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ ကနေဒါက တိုရွန်တိုမှာလည်း အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ဒီနှစ် ယူကရိန်းလွတ်လပ်ရေးနေ့ဟာ ရုရှားက သူ့ရဲ့အနောက်ဘက် အိမ်နီးချင်းကို ကျူးကျော်ဝင်ရောက်တာ ၆ လမြောက်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အကြီးမားဆုံး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ပါတယ်။

//
Up