close

ကျောင်းလခကြွေးကျန် ပယ်ဖျက်ပေးမည့် သမ္မတဘိုင်ဒင်၏ ကြေညာချက် ကျောင်းသားများ ကြိုဆို

အမေရိကန်နိုင်ငံမှာ ကျောင်းလခ ကြွေးကျန်ငွေ ဒေါ်လာ ဘီလျံချီကို ပယ်ဖျက်ပေးလိုက်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဩဂုတ် ၂၄ ရက် ကြေညာချက်ကို နိုင်ငံတလွှားက ကျောင်းသားတွေက ကြိုဆိုလိုက်ပါတယ်။

တနှစ်ကို ကျောင်းလခ အမေရိကန်ဒေါ်လာ ၁၂၅,၀၀၀ ထက် နည်းတဲ့ငွေကို ချေးယူသူတွေနဲ့ ဒေါ်လာ ၂ သိန်းခွဲထက်နည်းတဲ့ငွေကို ချေးယူထားတဲ့ လက်ထပ်ထားတဲ့ စုံတွဲတွေအတွက် ကျောင်းလခအကြွေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို အစိုးရက ပယ်ဖျက်ပေးမှာပါ။

ဝင်ငွေနိမ့် ကောလိပ်ကျောင်းသားတွေအတွက် အတိုးနှုန်းနည်းတဲ့ ပြည်ထောင်စုချေးငွေဖြစ်တဲ့ ပဲလ် ဂရန့်စ် ထောက်ပံ့ကြေးကို ရယူထားတဲ့ ကျောင်းသားတွေအတွက်ကတော့ အကြွေး အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကို ပယ်ဖျက်ပေးမှာ ဖြစ်ပါတယ်။

ဧပြီလက နယူးယောက် ပြည်ထောင်စုအရန်ဘဏ်ရဲ့ တွက်ချက်မှုအရ ကျောင်းလခချေးငွေ ယူထားသူတိုင်းအတွက် အကြွေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို ပယ်ဖျက်ပေးရင် အမေရိကန်အစိုးရဟာ ဒေါ်လာ ၃၂၁ ဘီလျံ ကုန်ကျမှာပါ။

ဒါဟာ အမေရိကန်ကျောင်းသား စုစုပေါင်းရဲ့ ၃၁ ရာခိုင်နှုန်းဖြစ်တဲ့ ငွေချေးသူ ၁၁ ဒသမ ၈ သန်းအတွက် အကြွေးတွေကို ဖယ်ရှင်းပေးရာ ရောက်မယ်လို့လည်း ဘဏ်က ခန့်မှန်းထားပါတယ်။

အိမ်ဖြူတော်ကတော့ ကျောင်းလခချေးထားတဲ့ ကျောင်းသား အယောက် သန်း ၂၀ လောက် ရှိမယ်လို့ ပြောပါတယ်။

ငွေချေးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ တနှစ်ကို ဒေါ်လာ ၇၅,၀၀၀ အောက်သာ ရလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြည်ထောင်စုအရန်ဘဏ်ရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ အမေရိကန်ငွေချေးသူတွေရဲ့ ကျောင်းသားအကြွေးငွေဟာ ဒေါ်လာ ၁ ဒသမ ၇၅ ထရီလီယံလောက်ထိ ရှိနေတာပါ။

အဲဒီထဲက အများစုဖြစ်တဲ့ ဒေါ်လာ ၁ ဒသမ ၆၂ ထရီလီယံလောက်ကို ပြည်ထောင်စုအစိုးရက ထိန်းသိမ်းထားပါတယ်။

အစိုးရရဲ့လုပ်ရပ်ဟာ နိုဝင်ဘာ အောက်လွှတ်တော် ရွေးကောက်ပွဲတွေအတွင်း ဒီမိုကရက် ပါတီဝင်တွေကို ထောက်ခံမှုတိုးအောင် လုပ်တာဖြစ်ပေမဲ့ ငွေကြေးဖောင်းပွမှုကို မီးလောင်ရာ လေပင့်သလို ဖြစ်စေနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီလုပ်ရပ်ကို ရီပတ်ဘလစ်ကန် ပါတီဝင်တွေက ဆန့်ကျင်ခဲ့ကြပြီး ဒါဟာ မတရားဘူးလို့ ငြင်းပါတယ်။

ဒီလုပ်ရပ်ဟာ ဝင်ငွေပိုမြင့်တဲ့လူတွေကို အချိုးမညီမမျှဘဲ ကူညီပေးရာရောက်တယ်လို့လည်း ရီပတ်ဘလစ်ကန်တွေက ပြောခဲ့ပါတယ်။

//
Up