close

ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း ခရီးသည်တင်ရထား မီးလောင်၊ ၂၂ ဦးထက်မနည်း သေဆုံး

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ချာပလင်မြို့ကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုအပြီး ခရီးသည်တင်ရထားတစီး မီးလောင်ခဲ့လို့ ဩဂုတ် ၂၄ ရက်က လူ ၂၂ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ရုရှားအစိုးရလွှမ်းမိုးတဲ့ ဆိုဗီယက်ပြည်ထောင်စုကနေ ယူကရိန်းက လွတ်လပ်ရေးရပြီး ၃၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပနေချိန်မှာ ခုလို တိုက်ခိုက်ခဲ့တာပါ။

မြို့ခံတွေဟာ ပျက်စီးသွားတဲ့ အိမ်တွေရဲ့ အပျက်အစီးတွေကြားမှာ ချစ်ခင်သူတွေအတွက် ဝမ်းနည်း ပူဆွေးခဲ့ကြပါတယ်။

“ဘာသံဆို ဘာမှမကြားရဘဲ ပေါက်ကွဲသံတခုပဲ၊ မီးတွေ ပေါက်ကွဲမှုတွေနဲ့ စလိုက်တာ” လို့ ဒေသခံ တာတီယာနာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့လက်ထောက် ကယ်ရယ်လို တီမိုရှန်ကိုက ရုရှားတပ်တွေဟာ ချာပလင်မြို့ကို ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ပထမတိုက်ခိုက်မှုအတွင်း ဒုံးကျည်က သူ့အိမ်ကိုထိမှန်လို့ ယောက်ျားလေးတယောက် သေဆုံးခဲ့တာပါ။ ဒုတိယဒုံးကျည်က ရထားဘူတာရုံကို ထိမှန်ပြီး ရထားတွဲငါးတွဲ မီးလောင်ခဲ့လို့ လူ ၂၁ ယောက် သေဆုံးခဲ့တယ်လို့ တီမိုရှန်ကိုက ကြေညာချက်ထဲမှာ ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ ရုရှားက ကျူးကျော်တိုက်ခိုက်မယ့်ဘေးကို ဩဂုတ် ၂၃ ရက်တည်းက သမ္မတက သတိပေးခဲ့ပြီးပါပြီ။

ဒါဟာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်တဲ့ ၆ လပြည့်အတွက် ဖြစ်နိုင်ချေလည်း ဖြစ်ပါတယ်။

ဒီပဋိပက္ခဟာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပအတွက် အဆိုးရွားဆုံး ပဋိပက္ခလည်း ဖြစ်လာပါတယ်။

//
Up