ရုရှားက အီးယူနိုင်ငံများကို ဓာတ်ငွေ့ဖြန်ဖြူးမှု ဖြတ်တောက်

ရုရှားဟာ ဖင်လန်နိုင်ငံနဲ့ နယ်စပ်နားမှာ သဘာဝဓာတ်ငွေ့အမြောက်အမြားကို မီးရှို့ ဖြုန်းတီးနေပြီး ဥရောပသမဂ္ဂ (အီးယူ)ဆီ ဓာတ်ငွေ့ဖြန့်ဖြူးမှုကို သိသိသာသာ ဖြတ်တောက်လိုက်တယ်လို့ သိပ္ပံ ပညာရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သြဂုတ် ၂၇ ရက်မှာ ဖော်ပြပါတယ်။
ရုရှားအစိုးရဟာ နော့ဒ်စထရင်းမ် ၁ ဓာတ်ငွေ့ပိုက်လိုင်းကို ဖြတ်သန်းစီးဆင်းမှု ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့တာပါ။
တာဘိုင်တွေ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ပြဿနာတွေကို ကိုးကားပြီး လာမယ့် သီတင်းပတ်မှာ သုံးရက်ကြာ ပိတ်ထားဖို့ကိုလည်း စီစဉ်ထားပါတယ်။
ယူကရိန်းအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ဖို့ ရုရှားဟာ ဓာတ်ငွေ့ကို လက်နက်အဖြစ် သုံးနေတယ်လို့ အီးယူက စွပ်စွဲထားပါတယ်။
နော်ဝေနိုင်ငံအခြေစိုက် စွမ်းအင်အတိုင်ပင်ခံလုပ်ငန်းတခုဖြစ်တဲ့ ရိစတဒ်ရဲ့ သုတေသီတွေကတော့ သဘာဝဓာတ်ငွေ့အမြောက်အမြားကို မီးရှို့ ဖြုန်းတီးနေတဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်တယ်လို့ ဆိုပါတယ်။
လေထုထဲမှာ လောင်ကျွမ်းသွားတဲ့ ဓာတ်ငွေ့ပမာဏဟာ ဥရောပသမဂ္ဂအတွက် နေ့စဉ်လိုအပ်ချက်ရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတယ်လို့ ခန့်မှန်းကြပါတယ်။
ဂျာမနီဆီ သွယ်တန်းထားပြီး ဘောလ်တစ်ပင်လယ်အောက်မှာရှိတဲ့ နော့ဒ်စထရင်းမ် ၁ ဓာတ်ငွေ့ ပိုက်လိုင်းအတွက် ကွန်ပရက်ဆာစခန်းတစ်ခုဖြစ်တဲ့ ပေါ်တိုဗာယာကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာတောင် မီးတောက်ကို မြင်ရပါတယ်။