close

ရုရှားစစ်တပ်က ပစ်ခတ်မှုကြောင့် ဒန်ညက်စ်ဒေသ လူနေရပ်ကွက် ဒုံးကျည်ထိမှန်

ယူကရိန်းနိုင်ငံ ဒန်ညက်စ်ဒေသက နေရာ ၅ ခုကို ရုရှားစစ်တပ်က သြဂုတ် ၂၈ ရက်မှာ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

လေကြောင်းရန် ကာကွယ်ရေးအတွက် မူလဒီဇိုင်းထုတ်ထားတဲ့ ရုရှားလုပ် S-300 ဒုံးကျည်နှစ်စင်းဟာ စလိုဗျန့်စ်ခ်မြို့က လူနေရပ်ကွက်တစ်ခုကို ထိမှန်ခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ရဲတပ်ဖွဲ့က အဲဒီမြို့မှာ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် သေဆုံးသူ မရှိဘူးလို့ ပြောပါတယ်။ ဒန်ညက်စ်အရှေ့ပိုင်း စစ်မြေပြင်ဒေသနဲ့ တခြားရှေ့တန်းဒေသတွေမှာ နေထိုင်သူ သုံးပုံနှစ်ပုံကို ဆောင်းရာသီမတိုင်မီ ရွှေ့ပြောင်းဖို့ ယူကရိန်းအစိုးရက ရည်ရွယ်ထားတာပါ။

မဖြစ်မနေ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ဖော်ပြထားပေမယ့် နေထိုင်သူတွေက ဆက်နေထိုင်ချင်ကြောင်း ဖောင်ဖြည့် ကြေညာထားနိုင်ပါတယ်။ 

သြဂုတ် ၂၇ ရက်ကနေ ၂၈ ရက်နေ့အထိ လူ ၂၅၁ ယောက်ကို ဘေးလွတ်ရာဆီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒန်ညက်စ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ကလေး ၁,၉၃၈ ဦးနှင့် မသန်စွမ်းသူ ၅၀၇ ဦး အပါအဝင် စုစုပေါင်း လူ ၁၁,၆၀၀ ကို ဒန်ညက်စ် ဒေသကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

//
Up