ယူကရိန်း ရဟတ်ယာဉ်ပြုပြင်စက်ရုံကို ရုရှားလေတပ် တိုက်ခိုက်

ရဟတ်ယာဉ်တွေကို ပြုပြင်နေတဲ့ ယူကရိန်းနိုင်ငံ ဇာပိုရစ်ချ်ဇီယာဒေသအတွင်း မော်တာဆစ်ချ်စက်ရုံထဲက အလုပ်ရုံကို ရုရှားလေတပ်က ဝင်တိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
လက်နက်တွေကို ထုတ်လုပ်ပြုပြင်နေတဲ့ ယူကရိန်းနိုင်ငံအတွင်း စစ်ဘက်စက်မှုဇုန်ထဲက အရာဝတ္တုတွေကို စစ်ဆင်ရေးနည်းဗျူဟာနဲ့ စစ်တပ်လေကြောင်း၊ ဒုံးကျည်တပ်ဖွဲ့တွေနဲ့ အမြောက်တွေကို သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။
ရုရှား အာကာသတပ်ဖွဲ့ရဲ့ တိကျတဲ့ လက်နက်တွေက ယူကရိန်းလေတပ်ရဲ့ ရဟတ်ယာဉ်တွေကို ပြန်ပြင်တဲ့ ဇာပိုရစ်ချ်ဇီယာမြို့ထဲက မော်တာစစ်ချ် စက်ရုံနယ်မြေအတွင်း ထုတ်လုပ်ရေးဆိုင်ရာ အလုပ်ရုံတွေကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒွန်ဘတ်ဒေသထဲမှာ ယူကရိန်းစစ်တပ်ကို ထောက်ပံ့ပေးတဲ့ ဒတ်နစ်ပရို ဒေသတွင်းက လောင်စာ သိုလှောင်ရုံတွေကို ရုရှားတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက် Interfax သတင်းမှာ ဖော်ပြပါတယ်။