close

ပုလဲနှင့် ကနီတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒီကနေ့ သြဂုတ် ၂၉ ရက်‌ မနက် ၇ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

“သူတို့ပထွေး မင်းအောင်လှိုင်က မကျွေးတော့ အနီးပတ်ဝန်းကျင်ကရွာတွေကို ဓားပြတိုက်ဖို့ ဇီးဖြူကုန်းရွာထဲကနေ လက်နက်အပြည့်အစုံနဲ့ ရှေ့ပြေးကင်းထွက်လာတဲ့ ပျူခွေး ၆ ကောင်နဲ့ ကျနော်တို့ ကင်းပုန်းနဲ့တွေပြီး တိုက်ပွဲစဖြစ်တာဗျ။ ကျနော်တို့ဘက်က လက်ဦးပစ်ခတ်နိုင်တာကြောင့် ပျူတကောင် ကျသွားတယ်။ နောက်တဦးက ဒဏ်ရာပြင်းထန်ရသွားတယ်” လို့ ပုလဲမြို့နယ် တပ်ရင်း ၁၊ တပ်ခွဲ ၁ တာဝန်ရှိသူ ဗိုလ်နေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Royal Eagle အဖွဲ့နဲ့ ပုလဲမြိုနယ် တပ်ရင်း ၁၊ တပ်ခွဲ ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၂၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်လည်း ကနီမြို့နယ်ချောင်းမရွာမှာ PDF ၅ ဦးကိုသတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သပြေတောရွာအနောက်ဘက်၊ တောင်ပြောက်ရွာအရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံကာကွယ်ရေးသမားတွေဆီက သိရပါတယ်။

B21 တပ် ပြန်ကြားရေးတာဝင်ရှိသူ ဗိုလ်ထွေးက “အဲဒီတပ်ဟာ ဒီနေ့ ဩဂုတ် ၂၉ ရက် မနက် ၇ နာရီခွဲက သရက်ပင်ကျေးရွာကနေ ဝါတန်းအရှေ့ရွာဆီ စစ်ကြောင်းထိုးခဲ့တာ။ အိုင်တောင်ရွာ၊ သူဌေးကုန်းတောင်ရိုး လမ်းအတိုင်း စစ်ကြောင်းထိုးလားရင်း သပြေတောရွာ အနောက်ဘက်မှာ အခုလို မိုင်းဆွဲခံရတာ။ ကျနော်တို့ ပဒေသာမိုင်းထောင်ဆွဲတာဗျ။ စက်သေနတ်ထမ်းလာတဲ့ ကောင်တွေပါ အကုန်လုံး တုံးလုံပက်လက် လဲသွားတယ်။ လက်ရှိမှာတော့ စခတွေက သပြေတောရွာထဲ ဝင်သွားပြီ”လို့  ပြောပါတယ်။

အခု မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်က ဒီနေ့ တရက်တည်းမှာတင် သရက်ရွာက NUG လက်အောက်ခံ စာသင်ကျောင်းတွေနဲ့ ဝါတန်းအရှေ့ရွာက ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

လတ်တလော စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာတာကြောင့် သပြေတောရွာ၊ အုန်းပင်ဆိပ်ရွာ၊ နလာပို့ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up