close

သထုံ မြသပိတ်တောင်တက်လမ်းတွင် အမျိုးသမီး ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိ

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်တက်လမ်းမှာ မုဒိမ်းကျင့် အသတ်ခံရတယ်လို့ ယူဆရတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

မြသပိတ်တောင်တက်လမ်းမှာ အမျိုးသမီးတယောက် သေဆုံးနေတယ်ဆိုတဲ့ သတင်းအရ လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက် အလောင်းကောက်ယူခဲ့တာပါ။

အဲဒီနေရာမှာ ဦးခေါင်းတစ်ခုလုံး ပုပ်ပွနေတာ၊ ပေါင်မှာ ပြတ်ရှဒဏ်ရာ တစ်ချက်နဲ့ အမျိုးသမီးအင်္ဂါမှာ ဝတ်လစ်စလစ်ဖြစ်ပြီး သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အမျိုးသမီးကတော့ ဘယ်သူမမှန်း မသိရတဲ့အထိ ရုပ်ပျက်ဆင်းပျက်နေပြီး၊ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ တစ်ချက်တွေ့တယ်။ ကျနော်တို့ကတော့ မုဒိမ်းကျင့် အသတ်ခံရတယ်လို့ ယူဆတယ်”လို့ ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သထုံခရိုင်ပြည်သူ့ဆေးရုံမှာ စစ်ဆေးထားပြီး ဘာကြောင့် သေဆုံးရတဲ့ အဖြေတော့ မထွက်သေးဘူးလို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၂၀ အရွယ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်နေသူ ဖြစ်တယ်လို့ စုံစမ်းသိရပြီး ပြီးခဲ့တဲ့ ၅ ရက်လောက်က နေအိမ်ကနေ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေထံ ပြန်လည်ပေးအပ်ခဲ့ပြီး မနေ့က မီးသင်္ဂြိုဟ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့ မြသပိတ်တောင်မှာ သမီးရည်းစားစုံတွဲတွေနဲ့ လာရောက်လည်ပတ်သူတွေ မကြာခဏ လုယက်ခံနေရပြီး အခုတစ်ကြိမ်ဟာ ပထမဦးဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up