ဆန်နှင့်ဆီကို မြို့နယ်ပြင်ပသို့ မသယ် မရောင်းကြရန် ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

ကုန်ဈေးနှုန်း ထိန်းညှိနိုင်ဖို့အတွက် ဆန်နဲ့ ဆီကို မြို့နယ်ပြင်ပကို မသယ် မရောင်းကြဖို့ ဒေသခံပြည်သူတွေကို ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ် ၃၀ ရက် မနေ့က အသိပေး ကြေညာပါတယ်။
အခုအခါ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်တွေက မီးရှို့ ဖျက်ဆီးတာကြောင့် ဆန်စပါးနဲ့ ကောက်ပဲသီးနှံတွေ ဆုံးရှုံးသွားတာ၊ ဆန်နဲ့ဆီ ဈေးနှုန်းကို ထိန်းညှိဖို့လိုအပ်တာ စတဲ့အကြောင်းတွေကြောင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကနေ ဂန့်ဂေါမြို့ပေါ်နဲ့ ဂန့်ဂေါမြို့နယ်ပြင်ပကို ဆန်စပါးနဲ့ ဆီ သယ်ယူရောင်းချတာကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။
တားမြစ်ချက်ကို ချိုးဖောက်ရင် အဲဒီကုန်ပစ္စည်းတွေကို အရေးယူ သိမ်းဆည်းသွားမယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေစေရေး ဆန်စပါးနဲ့ ကုန်စည်တွေ သယ်ယူရောင်းချတာကို အမြဲစောင့်ကြည့်ကြပ်မတ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းလာမှုနဲ့ အတူ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေတာ၊ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ စိုက်ပျိုးရေးမလုပ်နိုင်တော့တာကြောင့်လည်း စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက် ရှားပါး၊ ပြတ်လပ်လာနေပါတယ်။