ရှန်ဟိုင်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးအချက်အချာ ရှန်ဟိုင်းမြို့မှာ သူငယ်တန်း၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေ အပါအဝင် ကျောင်းအားလုံးကို စက်တင်ဘာ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ ရှန်ဟိုင်းမှာ ကျောင်းတွေကို လပေါင်းများစွာ ပိတ်ထားခဲ့ရတာပါ။
ရှန်ဟိုင်း ယုခိုင် အထက်တန်းကျောင်းက ကျောင်းသားတွေဟာ ကျောင်းတံခါးအပြင်ဘက်မှာ ကြာသပတေးနေ့မနက်က တန်းစီနေရင်း မျက်နှာဖုံးတွေစွပ်ထားတဲ့ ဆရာတွေနဲ့ ဝန်ထမ်းတွေက ဝင်ခွင့်မပြုမီ ခန္ဓာကိုယ်အပူချိန် စစ်ဆေးတာကို ခံယူခဲ့ကြပါတယ်။
ရှန်ဟိုင်းဟာ ဧပြီလနဲ့ မေလတို့မှာ အဆိုးရွားဆုံး ကိုဗစ်ကူးစက်မှုကို တိုက်ဖျက်ဖို့ တမြို့လုံးကို ၂ လကြာ အသွားအလာ ပိတ်ဆို့ကန့်သတ်တာ မလုပ်ခင် မတ်လ အလယ်တည်းက ကျောင်းအားလုံးကို ပိတ်ထားခဲ့တာပါ။
နေထိုင်သူ ၂၅ သန်းရှိတဲ့ ရှန်ဟိုင်းမှာ အပတ်စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဟုတ်မဟုတ် စမ်းသပ်မှု လိုအပ်ချက်ကို သက်တမ်းတိုးခဲ့ပြီး ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးဖို့ စက်တင်ဘာလကုန်အထိ အခမဲ့စမ်းသပ်မှုကို သက်တမ်းတိုးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့အတွက် ဒေသတွင်း ရောဂါလက္ခဏာ ပြတာရော မပြတာရော ပါတဲ့ ရောဂါဖြစ်ပွားမှုအသစ်ကို အစီရင်ခံထားတာ မရှိသေးပါဘူး။