ရုရှားဓာတ်ငွေ့ထုတ်လုပ်သည့် Gazprom ကုမ္ပဏီက ဓာတ်ငွေ့ပေးပို့မှု ယာယီရပ်ဆိုင်း

ရုရှားနိုင်ငံရဲ့ အကြီးဆုံး ဓာတ်ငွေ့ထုတ်လုပ်သူ Gazprom ဟာ ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိ ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ စီစဉ်ထားတဲ့အတွက် Nord Stream 1 ပိုက်လိုင်းမှတဆင့် ဓာတ်ငွေ့ပေးပို့မှုကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ဒါဟာ ဇူလိုင်လမှာ ၁၀ ရက်ကြာ ပြုပြင်ထိန်းသိမ်းပြီးနောက် Nord Stream 1 ရဲ့ ဒုတိယမြောက် ဆိုင်းငံ့မှုဖြစ်ပါတယ်။
Gazprom ရဲ့ အဆိုအရ Nord Stream 1 လည်ပတ်မှုမှာ ကျန်ရှိနေတဲ့ တခုတည်းသော ဓာတ်ငွေ့တာဘိုင်ပေါ်မှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်နေတာဖြစ်ပြီး ဒါကို Gazprom နဲ့ ဂျာမန်ကုမ္ပဏီ Siemens တို့မှ ကျွမ်းကျင်သူတွေက ပြီးစီးအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ Siemens ကုမ္ပဏီရဲ့ ကျွမ်းကျင်သူတွေဟာ ဒီအဆင့်မှာ ပါဝင်မှာ မဟုတ်ပေမဲ့ Gazprom က တောင်းဆိုလာရင် အကြံဉာဏ်ပေးမှာပါလို့ Siemens ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
စက်ကိရိယာတွေမှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် မရှိရင် ဓာတ်ငွေ့ပေးပို့မှု နေ့စဉ် ကုဗမီတာ ၃၃ သန်းကို ပြန်လည်ရောက်ရှိမှာဖြစ်ကြောင်း Gazprom က ပြောကြားခဲ့ပါတယ်။
Nord Stream 1 ရဲ့ ဓာတ်ငွေ့ပေးပို့မှု ရပ်ဆိုင်းတာဟာ ရုရှားအပေါ် ဥရောပရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဖြစ်ကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ သဘာဝဓာတ်ငွေ့ကို အများဆုံးမှီခိုနေရတဲ့ ဂျာမနီနိုင်ငံရဲ့ ဓာတ်ငွေ့သိုလှောင်မှုမှာ အခုအခါ ၈၀ ရာခိုင်နှုန်းဝန်းကျင်လောက်သာ ပြည့်ဝနေပြီး တိုင်းပြည်ရဲ့ ရည်မှန်းသတ်မှတ်ချက်ကို မရောက်သေးပါဘူး။
ဓာတ်ငွေ့ထောက်ပံ့မှုတွေကို စနေနေ့မှာ ပြန်စတင်မယ်ဆိုရင် ဂျာမနီနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ကြောင်း ဂျာမန်မီဒီယာက ပြောကြားခဲ့ပါတယ်။