လီဗာပူးတွင် ကစားခွင့်ရမှာ အိပ်မက်တစ်ခုဖြစ်ဟု အာသာမယ်လိုပြော

လီဗာပူးအသင်းမှာ ကစားခွင့်ရမှာက အိပ်မက်တစ်ခုဖြစ်တယ်လို့ ကွင်းလယ်လူ အာသာမယ်လိုက ပြောပါတယ်။
ဘရာဇီးကွင်းလယ်လူကို လီဗာပူးအသင်းက တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။ အသင်းနဲ့အတူ စာချုပ်ချုပ်ဆိုအပြီးမှာတော့ ကမ္ဘာ့ဘောလုံးလောကမှာ ကြီးမားတဲ့ကိုယ်စားပြုမှုရှိတဲ့ လီဗာပူးအသင်းဂျာစီကို ဝတ်ဆင်ခွင့်ရတာက ဂုဏ်ယူစရာကောင်းသလို သူ့အတွက် အိပ်မက်တစ်ခု ဖြစ်တယ်လို့လည်း အာသာမယ်လိုကပြောပါတယ်။
လီဗာပူးအသင်းနဲ့ ကစားပုံနဲ့လည်း အံဝင်ခွင်ကျ ဖြစ်မယ်လို့ထင်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ကြောင်းလည်း အာသာကပြောပါတယ်။
အသက် ၂၆ နှစ်ရှိ အာသာဟာ ဘရာဇီးကလပ် ဂရီမီယိုအသင်းမှာ ကစားသမားဘဝစတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဘာစီလိုနာ၊ ၂၀၂၀ ပြည့်နှစ်မှာ ဂျူဗင်တပ်အသင်းဆီကိုပြောင်းရွှေ့ကစားခဲ့တာပါ။ သူဟာ ဂျူဗင်တပ်နဲ့ ဘာစီလိုနာအသင်းတွေမှာ စုစုပေါင်း ၁၃၅ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်းခဲ့ပါတယ်။