ဆောင်းတွင်း စွမ်းအင်နှင့် ရိက္ခာမပြတ်စေရေး ကူညီရန် အနောက်ဘော်လ်ကန် ၃ နိုင်ငံ သဘောတူ

ယူကရိန်း၊ ဆားဘီးယား၊ အယ်လ်ဘေးနီးယားနဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံတွေမှာ စစ်ပွဲကြောင့် ဆက်တိုက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကြောင့် အခုဆောင်းရာသီမှာ စွမ်းအင်နဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှု အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အချင်းချင်း ကူညီပံ့ပိုးရေး ပူးတွဲကော်မရှင်တရပ် ထူထောင်ဖို့ စက်တင်ဘာလ ၂ ရက်မှာ အနောက်ဘော်လ်ကန် ၃ နိုင်ငံက သဘောတူညီခဲ့ကြပါတယ်။
ဆားဘီးယားသမ္မတ အလက်ဆန်ဒါဗျူစစ်၊ အလ်ဘေးနီးယား ဝန်ကြီးချုပ် အဒီရာမနဲ့ မြောက်မက်ဆီဒိုးနီးယား ဝန်ကြီးချုပ် ဒီမစ်ထရီကိုဗာစီဗက်စ်ကီတို့ဟာ ဘဲလ်ဂရိတ်မှာကျင်းပတဲ့ Open Balkan လို့အမည်ပေးထားတဲ့ ဘော်လ်ကန်ဒေသ ပဏာမထိပ်သီးအစည်းအဝေးမှာ အစိုးရသုံးရပ်ကနေ ပိုလျှံတဲ့ စွမ်းအင်နဲ့ အစားအစာတွေကို မျှဝေရာမှာ ကူညီပေးမယ့် အဖွဲ့တဖွဲ့ကိုထောင်ဖို့ သဘောတူခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် အနောက်ဘော်လ်ကန်ဒေသရှိ ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ မြောက် မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ဘော့စနီးယားနဲ့ ကိုဆိုဗိုတို့ ၆ နိုင်ငံစလုံးဟာ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရုန်းကန်နေကြရပါတယ်။
ကိုဆိုဗိုဟာ စွမ်းအင်ထုတ်လုပ်မှု နည်းပါးခြင်းနဲ့ ဈေးနှုန်းမြင့်တက်ခြင်းတွေကြောင့် သြဂုတ်လက တည်းက ဓာတ်အားပြတ်တောက်မှု အများအပြားကြုံတွေ့ခဲ့ရပါတယ်။
ဆားဗီးယားဟာ ရုရှားဓာတ်ငွေ့ တင်သွင်းမှုအပေါ် လုံးလုံးနီးပါး မှီခိုနေပြီး သူ့ရဲ့ သက်တမ်းရင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေမှာ လျှပ်စစ်ဓာတ်အား လိုအပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထုတ်ပေးနေပါတယ်။
ဆားဘီးယား၊ အယ်လ်ဘေးနီးယားနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ဟာ လူပေါင်း ၁၂ သန်းအတွက် စီးပွားရေးဇုန်တစ်ခု ဖန်တီးဖို့ သဘောတူညီခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ Open Balkan ဒေသဆိုင်ရာ ပဏာမအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လူတွေနဲ့ ကုန်ပစ္စည်းတွေအတွက် နယ်စပ်တွေကိုလည်း ဖွင့်ထားလိုက်ကြပါတယ်။