မြောင်မြို့နယ်က စစ်ဘေးရှောင်တဦး လက်နက်ကြီးကျည်ထိမှန်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က စက်တင်ဘာ ၄ ရက် မနက်ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ညောင်ကားယားရွာက အမျိုးသမီး တယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်ဒေသခံ တဦးက “မနေ့က ငါးရန့်အိုရွာမှာ တပ်ဆွဲတဲ့ စစ်ကောင်စီတပ်က ဒီနေ့ ပန်းညိုရွာကို ထွက်ခွာလာပြီး လက်နက်ကြီးတွေနဲ့ပစ်လို့ ညောင်ကားယားရွာကအသက် ၁၆ နှစ်အရွယ် မဆွေဇင်အေး လက်မောင်းဒဏ်ရာရခဲ့တယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
အခုစစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းဟာ အင်အား ၁၅၀ ခန့်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ညောင်ကားယားနဲ့ ပန်းညိုရွာဟာ ဧရာဝတီ မြစ်ကမ်းဘေးမှာ တည်ရှိပြီး ငါးရံအိုရွာကလည်း အဆိုပါရွာနှစ်ရွာရဲ့ အနောက်ဘက်မှာ တည်ရှိ ပါတယ်။
စစ်ကောင်စီတပ်က ညအချိန်တွေပါ စစ်ကြောင်းထိုးတာတွေ ပြုလုပ်တာကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံထောင်နဲ့ချီဟာ လက်ရှိအချိန်အထိ နေရပ်စွန်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။