close

စစ်ရှောင်များလာသဖြင့် မောင်တောမြို့ သာသနာ့ဗိမာန်၌ စခန်းသစ်ဖွင့်လှစ်

ရခိုင်ပြည်နယ် မောင်တောမြို့က သာသနာ့ဗိမာန်တော်ကြီးမှာ စစ်ဘေးရှောင်စခန်းတခုကို စက်တင်ဘာ  ၄ ရက်နေ့လယ်ပိုင်းမှာ စဖွင့်လိုက်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းအေးသိန်းက “မနက်ဖြန်မှ ဖွင့်မလို့ပါ။ စစ်ဘေးရှောင်တွေ အစုအပြုံလိုက် ရောက်လာတော့ လက်မခံလို့ မရတော့ဘူး။ ၂၀၁၆ ခုနှစ်က အရေးပေါ်ကူညီထောက်ပံ့ရေး (မောင်တော)ကို နောက်လူတွေ အစားထိုးဖွဲစည်းတာပါ။  အလှူရှင်တွေ ကတော့ လာလှူဒါန်းကြတယ်။ စစ်ဘေးရှောင်များလာရင်တော့ အကူအညီတွေ  လိုအပ်လာမယ်” လို့ ပြောပါတယ်။

လက်ရှိ မောင်တောသာသနာ့ဗိမ္မာန်စစ်ဘေးရှောင်စခန်းမှာ မောင်တောမြို့နယ်မြောက်ပိုင်းက မင်္ဂလာညွှန့်၊ ရေနောက်ငါးသား၊ တမန်းသားစတဲ့ကျေးရွာတွေက စစ်ဘေးရှောင် ၁၀၀ ခန့် ရောက်နေတယ်လို့ စခန်းအမှုဆောင် တဦးက ပြောပါတယ်။

“လောလောဆယ် သူတို့ စားသောက်ရေးအတွက် ရပ်ကွက်တွေက ထမင်းထုတ်တွေ ကောက်ပြီး ကျွေးမွေးထားရတယ်။ စစ်ဘေးရှောင်တွေ နောက်ထပ်ရောက်လာဖို့ ရှိနေတယ်။”

သြဂုတ် ၃၁ ရက်  မနက်ပိုင်းက ဘင်္ဂလာ-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီရဲ့ နယ်ခြားမှတ်တိုင် အမှတ် ၄၀ စခန်းကို အေအေသိမ်းပိုက်ပြီးနောက် မောင်တောမြောက်ပိုင်းဒေသကို စစ်ကောင်စီက စစ်ဆင်ရေးလုပ်ကာ တိုက်လေယာဥ်တွေနဲ့ နေစဥ်ရက်ဆက်တိုက်ခိုက်နေတဲ့အတွက် ကျေးရွာ ၃၀ ကျော်က ဝန်ထမ်းတွေနဲ့ ရွာသား ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးလာကြတာပါ။

ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ မောင်တောမြို့ပေါ်က ဆွေမျိုးတွေနဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်အစရှိတဲ့မြို့တွေကို ထွက်ပြေးခိုလှုံနေကြရသလို ဆွေးမျိုးမရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက်ကတော့ မောင်တော ၃ မိုင်ပရဟိတ္တကျောင်း၊ ရွှေတောင်ကျေးရွာ၊ ရွှေရင်အေးကျေးရွာ၊ အောင်ဗလဘုန်းတော်ကြီး​ကျောင်းတွေမှာ စစ်ဘေး ခိုလှုံ နေကြရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up